ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုမှာ ဘာအသစ်အဆန်းမှ စိတ်ဝင်စားစရာမရှိ ၊ စိန်ခေါ်မှုတွေ ၊ တိုးတက်ဖို့ ရုန်းကန်စရာမရှိရင် အဲ့ဒီပတ်ဝန်းကျင်ကို Comfort Zone လို့ သတ်မှတ်နိုင်ပါတယ်။ ကြီးကျယ်တဲ့ အောင်မြင် အထမြောက်မှုတွေ ဖြစ်လာဖို့ဆို ကိုယ့်ကိုယ်ကိုယ် တွန်းစရာ မရှိ ၊ တစ်သားတည်း ပုံမှန်နှုန်းနဲ့ သွားနေတဲ့ Comfort Zone ကနေ ရုန်းထွက်ဖို့ လိုပါတယ်။

T. Arigo ဆိုတဲ့ Motivational Speaker တစ်ဦး ပြောဖူးတာ ရှိပါတယ်။ လူမှာ အခက်အခဲဆုံးအရာက သက်တောင့်သက်တာရှိပြီး ဇိမ်ရှိရှိ မျှောလိုက်နေတဲ့ Comfort Zone ထဲကနေ ထွက်ခွာဖို့ပါပဲတဲ့။ ဒါပေမယ့်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်အိပ်မက်နေတဲ့ အရာကို လက်လှမ်းနိုင်ဖို့ဆို ကိုယ်အကျွမ်းတဝင် ဖြစ်ပြီးသား ဘဝကို စွန့်ခွာပြီး အိပ်မက် မက်ထားတဲ့ ဘဝဆီ ကူးရဲဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

Comfort Zone ကနေ ထွက်ဖို့ ဆိုတာ အတော်ကို ခက်ခဲနိုင်ပါတယ်။ ဘဝမှာ အခက်အခဲဆုံး အရာတွေထဲက တစ်ခုတောင် ဖြစ်နိုင်ပါတယ်။ ရိုးအီနေတဲ့ ဘဝကို စွန့်ခွာဖို့ဆိုရင် မှန်ကန်တဲ့ နည်းစနစ်တွေအတိုင်း လိုက်နာဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် Comfort Zone ထဲကနေ လောကသစ်ဆီ ကူးပြောင်းချင်သူတို့အတွက် အတွေးတချို့ မျှဝေပေးလိုက်ပါတယ်။

(၁) အသစ်အဆန်း လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုပါ

Change

Photo : Pexels

Comfort Zoneထဲကနေ ထွက်ချင်ရင် အရင်ဆုံး အသစ်တစ်ခုခု လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါ။ ဥပမာ – အလုပ်အကိုင် အသစ် ပြောင်းမယ် ၊ မတက်ဖူးသေးတဲ့ သင်တန်းတစ်ခုခု တက်မယ် ၊ နေနေတဲ့ နေရာ ပြောင်းမယ် ဒါမှမဟုတ်လည်း ကမ္ဘာကြီးတဲ့ မြင်တဲ့ အမြင်ကို ပြောင်းပစ်မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဘဝမှာ ပြောင်းမယ်ဆိုတဲ့ အတွေးလေး ဝင်လာရင်ကိုပဲ ပြောင်းလဲမှုအတွက် ကြိုဆိုလိုက်တာ ဖြစ်ပြီး အပြောင်းအလဲနဲ့အတူ လိုက်ပါဖို့ အသင့်ပြင်ပြီးသား ဖြစ်စေမှာပါ။

(၂) ချက်ချင်း ထလုပ်ပါ

To Do

Photo : Pexels

Mel Robbins ဆိုတဲ့ အမေရိကန် ရှေ့နေ ၊ ရုပ်မြင်သံကြား သတင်းတင်ဆက်သူ နဲ့ Motivational Speaker ပြောတဲ့ The Five Second Rule ဆိုတဲ့ သဘောတရားလေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ တစ်ခုခု လုပ်မယ်လို့ ဆုံးဖြတ်ချက် ကျလာပြီဆိုရင် ချက်ချင်း ထလုပ်ဖို့ပါ။ဆုံးဖြတ် ချက် ထွက်ပြီး ၅ စက္ကန့်အတွင်း လုပ်တာ ဖြစ်လို့ ဒါကို The Five Second Rule လို့ ခေါ်ပါတယ်။အပြောင်းအလဲတစ်ခု နဲ့ ရှေ့ဆက်မယ့်သူတွေအတွက် ဒီသဘောတရားဟာ သိပ်အရေးကြီးပါတယ်။

စွန့်စားရမယ့် ကိစ္စတွေမှာ အချိန်ဆွဲရင် ၊ တုံ့နှေးသွားရင် ကြောက်စိတ်ဝင်ပြီး မလုပ်ဖြစ်တာ များပါတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ အပြောင်း အလဲတစ်ခုကို တကယ် လုပ်ချင်တယ် ၊ ကိုယ်ဘာကို ပြောင်းလဲမယ်ဆိုတာ သေချာပေါက် ယတိပြတ် ဆုံးဖြတ်ပြီးရင် Mel Robbins ပြောသလို ချက်ချင်းထ, လုပ်ဖို့ အကြံပေးချင်ပါတယ်။

(၃) အချိန်ရွှေ့ဆိုင်းခြင်း ဘရိတ်ကို နင်းထားလိုက်ပါ

Time

Photo : Pexels

ခဏနေမှ လုပ်မယ် ၊ တော်ကြာနေမှ လုပ်တာပေါ့ ဆိုတဲ့ အချိန်ရွှေ့ဆိုင်းခြင်းက သင့်ဘဝ အောင်မြင်မှုကို မရအောင် ဖျက်ဆီးနေတဲ့ အဖျက်လက်နက်တစ်ခုပါပဲ။ အချိန်ရွှေ့ဆိုင်းခြင်း အလေ့ဆိုးကြီးက သင့်ကို နေမြဲ Comfort Zoneထဲမှာပဲ ဆက်နေဖို့ တိုက်တွန်းပါတယ်။ ရှေ့ဆက်သွားဖို့ အစီအစဉ်တွေ နဲ့ အချိန်ဇယားတွေကို ရွှေ့ဆိုင်းခိုင်းမယ်။ သင်ကြုံလာနိုင်တဲ့ ပြဿနာတွေ နဲ့ အခက်အခဲတွေကို ပုံကြီးချဲ့ပြီး ဖော်ပြမယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် Procrastination လို့ ခေါ်တဲ့ အချိန်ရွှေ့ဆိုင်းတာက အောင်မြင်မှု ၊ အခွင့်အလမ်း နဲ့ ဘဝရှေ့ရေး အမြင်တွေကို ထိခိုက်ပျက်ပြားစေနိုင်လို့ အပြောင်းအလဲ လုပ်ဖို့ အချိန်သိပ်မယူသင့်ကြောင်းလည်း ပြောချင်ပါတယ်။

အချိန်ရွှေ့မယ့်အစား လုပ်လိုက်စို့ ( Let’s Do It) နည်းလမ်းကို မကြာခဏ လုပ်ကြည့်ပါ။ အကောင်းမြင်စိတ် ထားပြီး ငါလုပ်ရင် ဖြစ်မယ်ဆိုတဲ့ ယုံကြည်စိတ်ကို မြှင့်တင်ထားပါတယ်။ Comfort Zone မှာ ကြာကြာနေရင် ကိုယ့်အရည်အသွေးတွေ ကျဆင်းလာပြီး ငဖျင်းတစ်ယောက် ဖြစ်သွားမှာကို ကြောက်ပါ။ အဘက်ဘက်က သေချာစဉ်းစားပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ Comfort Zone ထဲက ထွက်လာသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ထားမယ်ဆိုရင် အခက်အခဲတွေ ရှိလာရင်‌တောင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : goalcast