လူတစ်ယောက်အနေနဲ့ မချမ်းသာရင်တောင် ငွေကြေးအပူအပင်ကင်းကင်း နေနိုင်တာဟာ ကြီးမားတဲ့ ဂုဏ်သိက္ခာပါပဲ။ ငွေနဲ့ပတ်သက်ပြီး အတော်များများက အမှားတစ်ခုမဟုတ် တစ်ခု လုပ်မိတတ်ပါတယ်။ အခုပြောမယ့် အမှားကတော့ အဖြစ်များတဲ့ ငွေကြေးဆိုင်ရာအမှားလေးတွေပဲ ဖြစ်ပါတယ်။

(၁) စာရင်းမထားဘဲ ငွေသုံးမိခြင်း

Photo: Freepik

တစ်ပြားနှစ်ပြားဆိုပေမယ့် ငွေဆိုတာ လေးလေးစားစား ကိုင်တွယ်ရတဲ့အမျိုးဖြစ်ပါတယ်။ တစ်ခါတလေမှာ ၅၀၀/၁၀၀၀ ပဲဆိုပြီး အလွယ်ကလေး သုံးမိရာကနေ နောက်ပိုင်းမှာ စာရင်းပျောက်ငွေသုံးများတာကြောင့် ဝင်ငွေ/ထွက်ငွေ မမျှတတဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ငွေစုဖို့ အခြေခံက ငွေကြေး အနည်းအကျဉ်းကအစ စည်းစနစ်နဲ့ သုံးစွဲတာ ၊ ကျစ်ကျစ်လျစ်လျစ် သိုမှီးထားတာပဲ ဖြစ်ပါတယ်။

(၂) အိမ်ငှားခအတွက် ငွေသုံးမလွန်စေနဲ့

Photo: Freepik

အိမ်ထောင်ဦးလို ဘဝသစ်စတင်ကြတဲ့ အချိန်အခါမျိုးမှာ အရာရာက လိုအပ်နေတာပါပဲ။ နေစရာ တိုက်ခန်းလိုမယ် ၊ ဝယ်စရာ ပစ္စည်းပစ္စယတွေလည်း ရှိမယ်။ အိမ်ထောင်မှုတစ်ခုကို ဦးဆောင်နေတဲ့ အိမ်ထောင်သည်ပဲ ဖြစ်ဖြစ် လူလွတ်တစ်ယောက်အနေနဲ့ပဲ နေနေ ကိုယ်ရှာထားတဲ့ငွေကို ဈေးကြီးတဲ့ အိမ်ငှားခအတွက် မသုံးမိဖို့ တိုက်တွန်းချင်ပါတယ်။ တတ်နိုင်သမျှ ကိုယ့်ဝင်ငွေကို ပိုစုဆောင်းနိုင်စေဖို့ အိမ်ငှားခသက်သက်သာသာ ဖြစ်မယ့်နေရာရှာပါ။ ရှေရှည်မှာ ကိုယ်ပိုင်အိမ်နဲ့ နေနိုင်ဖို့အတွက် ရည်မှန်းထားပါ။

(၃) မရေရာတဲ့နေရာမှာ ရင်းနှီးမြှပ်နှံတာမျိုး မလုပ်ပါနဲ့

Photo: Freepik

မက်လုံးကောင်းကောင်းပေးထားတဲ့ လုပ်ငန်းမျိုးမှာ ရင်းနှီးမြှပ်နှံမယ်ဆိုတာ သိပ်ကို အန္တရာယ်များပါတယ်။ များသောအားဖြင့် ဒါမျိုးက ငွေကြေးထောင်ချောက်ဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ပဲ အမြတ်ရမယ်ပြောပြော ကိုယ့်နားလည်တတ်ကျွမ်းမှုနဲ့ သိပ်အလှမ်းကွာလွန်းရင် ယုတ္တိယုတ္တာမကျဘဲ လောဘထွက်အောင် သက်သက်ဖျားယောင်းနေတာမျိုး ဖြစ်နေရင် ရှောင်ကြဉ်ပါ။

(၄) အနားယူမယ့်အချိန်အတွက် ငွေမစုမိတာမျိုး မဖြစ်ပါစေနဲ့

Photo: Freepik

အလုပ်မလုပ်နိုင်မယ့် အချိန်ဆိုတာ ရောက်လာနိုင်ပါတယ်။ အရွယ်ကြောင့်ပဲ ဖြစ်ဖြစ်ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ် အလုပ်ခွင်မသွားနိုင်တော့ဘူး ဆိုရင် ဘယ်ငွေနဲ့ရပ်တည် စားသောက်သွားမလဲဆိုတာ ကြိုစဉ်းစားထားပါ။ အိုလာရင် ကြိုစုဆောင်းထားတာလေးတွေနဲ့ပဲ အခြေမပျက်နေနိုင်မှာပါ။ သားကောင်းသမီးကောင်း မွေးထားတယ်ဆိုရင်တောင် ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ ကိုယ့်ငွေနဲ့ကိုယ် နေနိုင်ရင် အကောင်းဆုံးပါပဲ။