စာဖတ်သူအနေနဲ့ ခရီးသွားခြင်းကို နှစ်သက်ပါသလား။ နှစ်သက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက် တစ်နည်းနည်းနဲ့ အသုံးတည့်နိုင်ပါတယ်။
လူတစ်ယောက်ချင်းစီမှာ ခရီးသွားရတဲ့ ရည်ရွယ်ချက်တွေက တူနိုင်မှာမဟုတ်ပါဘူး။ အချို့ကတော့ မွန်းကြပ်လှတဲ့ မြို့ပြနဲ့ဝေးရာအရပ်မှာ စိတ်လက်အပန်းဖြေချင်ကြပြီး အချို့ကလည်း မိမိချစ်တဲ့သူတွေနဲ့ စိတ်လက်အေးချမ်းစွာ အပန်းဖြေချင်ကြတာပါ။ အချို့ကလည်း အတွေ့အကြုံသစ်တွေ စွန့်စားခန်းအသစ်တွေ လိုချင်ကြလို့ ခရီးထွက်ကြတာပါ။
တစ်ကိုယ်တော် စွန့်စားခန်းနဲ့ ခရီးထွက်ကြတာလည်း ရှိသလို သူငယ်ချင်းအုပ်စုနဲ့ ခရီးထွက်ခြင်း (သို့) မိသားစုလိုက် ခရီးထွက်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ခရီးထွက်ထွက် အဓိကကတော့ အမှတ်တရကောင်းတွေ ပိုင်ဆိုင်ထားတဲ့ခရီးတစ်ခုဖြစ်ဖို့လိုပါတယ်။
တစ်ချိန်ချိန်မှာ ပြန်တွေးကြည့်တဲ့အခါ အမှတ်ရစရာအတိပြည့်နေတဲ့ ခရီးတစ်ခုဖြစ်ဖို့ရန်အတွက် ခရီးမထွက်ခင်နဲ့ ခရီးထွက်နေစဉ်မှာ ဆောင်ရန်ရှောင်ရန်အချို့ကို လိုက်နာဖို့တော့လိုပါတယ်။
မလိုအပ်ဘဲ အထုပ်အပိုးများစွာနဲ့ ခရီးထွက်ခြင်း
မိမိထွက်မယ့်ခရီးက ဘယ်နှရက်ကြာကြာနေရမှာလဲ။ ဘယ်လိုပစ္စည်းတွေ လိုအပ်မလဲ။ ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေကို အဓိကထား သယ်သွားရမလဲ စသည်ဖြင့် စာရင်းဇယားဖြင့် သေချာပြုလုပ်ထားမယ်ဆိုရင်တော့ အထုပ်အပိုးအများကြီးကို လျော့ချနိုင်ပါလိမ့်မယ်။
မလိုအပ်ဘဲ အထုပ်အပိုးအများအပြား ထုပ်ပိုးခြင်းက သင့်ကို ခြေကုန်လက်ပမ်းကျစေမှာအမှန်ပါပဲ။
ဒေသခံတစ်ယောက်တည်းကိုသာ မျက်စိမှတ်ဇွတ်ယုံခြင်း
သင့်အနေနဲ့ လမ်းမသိလို့ ဒေသခံတစ်ယောက်ယောက်ကို မေးတဲ့အခါ တစ်ဦးတစ်ယောက်တည်းကို မေးခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ အနည်းဆုံး သုံးလေးယောက်ခန့်မေးပါ။ Google Map အသုံးပြုပါ။ ခရီးသွားလမ်းညွှန်စာအုပ်အသုံးပြုပါ။
တစ်ခါတလေမှာ ဒေသခံတွေကိုယ်တိုင်က ဇဝေဇဝါဖြစ်နေတတ်ပြီး ကိုယ့်ရပ်ကွက်နဲ့ကိုယ်တောင် သေချာမသိတာမျိုးတွေရှိတတ်ပါတယ်။
ငွေရေးကြေးရေးကလည်း အဓိကကျပါတယ်
သင့်အနေနဲ့ သင်သွားမယ့် နေရာဒေသအကြောင်းကို မသွားခင်းကတည်းက သေချာစုံစမ်းထားသင့်ပါတယ်။ ကိုယ်သွားမယ့်နေရာက အေးချမ်းတဲ့နေရာလား။ ဒါမှမဟုတ် ခိုးဆိုးလုယက်တွေ ပေါသလားဆိုတာတွေကအစ သိထားသင့်ပါတယ်။ အကောင်းဆုံးကတော့ အေးချမ်းတဲ့နေရာဒေသကို ခရီးထွက်ခြင်းပါပဲ။
မိမိရဲ့ပိုက်ဆံအိတ်တွေ ခါးပိုက်နှိုက်မခံရအောင် ကာကွယ်ပါ။ ခရီးသွားတဲ့အခါ ငွေသားအမြောက်အမြား သယ်သွားခြင်းက အန္တရာယ်ရှိသလို မလိုအပ်ဘဲ လက်ဝတ်လက်စားများ သယ်သွားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
အနည်းဆုံးနှစ်ကြိမ်ခန့် စစ်ဆေးပါ
ခရီးထွက်တဲ့အခါ လိုအပ်မယ့် စာရွက်စာတမ်းတွေ၊ လက်မှတ်တွေ ဘိုကင်တင်ထားတဲ့ ဟိုတယ်တွေကအစ အမှားမပါဖို့ရန်အတွက် အကြိမ်ကြိမ်စစ်ဆေးဖို့လိုအပ်ပါတယ်။ လေယာဉ်ချိန် (သို့) ရထားချိန် (သို့) ကားထွက်မယ့်အချိန်က ဘယ်နှရီလဲ။ အိမ်ကထွက်ခါနီးမှာ ကားလက်မှတ်၊ ရထားလက်မှတ်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပါရဲ့လားဆိုတာကို နောက်ဆုံးအကြိမ်အဖြစ် စစ်ဆေးဖို့လိုအပ်ပါတယ်။
ဝီရိယရှိပါ
ကားထွက်မယ့်အချိန်၊ ရထားထွက်မယ့်အချိန်ထက် ကြိုရောက်နေဖို့လိုပါတယ်။ အထူးသဖြင့် ပိတ်ရက်တွေမှာ ခရီးထွက်မယ့်သူများအနေနဲ့ ပိတ်ရက်မတိုင်ခင် ညနေစောင်းအချိန်က အလုပ်ဆင်းချိန်လည်းဖြစ်သလို နယ်ပြန်မယ့်သူတွေကလည်း များတဲ့အတွက်ကြောင့် ကားပိတ်မယ့်အချိန်ကိုလည်း တွက်ထားသင့်ပါတယ်။
ကားပိတ်တာကြောင့် လမ်းမှာ ကြန့်ကြာပြီး ကားဂိတ်ကို နောက်ကျမှ ရောက်တဲ့အဖြစ်မျိုး ကားမမှီလိုက်တဲ့အဖြစ်မျိုးတွေ ကြုံရတဲ့အခါ ခရီးမသွားခင်ကတည်းက စိတ်ညစ်နေရပါပြီ။ ကံကောင်းထောက်မစွာနဲ့ ကားဆရာက စောင့်တယ်ဆိုရင်တောင် ကျန်ခရီးသွားတွေက သင့်ကို မျက်စောင်းထိုးနေပါလိမ့်မယ်။
ဒီအချက်လေးတွေကတော့ အဓိကဆောင်ရန်ရှောင်ရန်လေးတွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သင်သိထားတဲ့ ဆောင်ရန်ရှောင်ရန်များကိုလည်း အများသိအောင် ဝေငှသွားပေးခဲ့ပါဦး။
Source: Globotreks.com