ပလပ်စတစ်ဆာဂျူရီလုပ်ခြင်းဆိုတာ မိန်းကလေးတွေနဲ့ပဲ သက်ဆိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ယနေ့ခေတ် အမျိုးသမီးတော်တော်များများက အပေါ်ယံရုပ်အလှကို အသားပေးလာတာကြောင့် သူ့ထက်ငါအပြိုင်ဆိုင် ဆာဂျူရီလုပ်ဖို့ ဝန်မလေးကြတော့သလို အမျိုးသားတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဆာဂျူရီလုပ်လာကြတာပဲ ဖြစ်ပါတယ်။
ဒါဆိုရင်အမျိုးသားတွေအနေနဲ့ ဘယ်လိုခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်ကြလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) နှာခေါင်းခွဲစိတ်မှု
Source : Medical News Today
အများစုက နှာတံချွန်ချွန်လေးနဲ့ လှနေဖို့များပြင်ကြတာများလားလို့ တွေးမိနိုင်ပါတယ်။ တကယ်တော့ အမျိုးသားအများစုရဲ့ နှာခေါင်းခွဲစိတ်ပြုပြင်တဲ့ အဓိကအကြောင်းရင်းကတော့ ထိခိုက်ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်ပါ။
ဥပမာ ရန်ဖြစ်ရင်းနှာခေါင်းရိုး ချိုင့်သွားတာမျိုး၊ အားကစားလုပ်ရင်းခိုက်မိလို့ နှာခေါင်းရိုးကျိုးတာမျိုး စတဲ့အချက်တွေကြောင့် နှာခေါင်းခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။
(၂) ဆံပင်စိုက်ခွဲစိတ်မှု
Source : bestlifeonline.com
ထိပ်ပြောင်လို့ စိတ်မညစ်မနေပါနဲ့။ ကမ္ဘာကျော်မန်ယူကစားသမားဟောင်း ရွန်းနီဆိုရင်လည်း ဒီခွဲစိတ်မှုကိုခံယူဖူးသူတစ်ယောက်ပါ။ အမျိုးသားအများစုဟာ အသက်အရွယ်ရလာတဲ့အခါ ဦးခေါင်းထိပ်ပိုင်းမှာ ဆံပင်တွေပါးလာလေ့ရှိကြပါတယ်။
ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတဲ့အတိုင်း ထိပ်ပြောင်လာရင် အမျိုးသားတွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းကြတာကြောင့် ဆံပင်စိုက်တဲ့ ခွဲစိတ်မှုဟာ အမျိုးသားတွေကြား ရေပန်းစားနေတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။
(၃) Six Packs ခွဲစိတ်မှု
Source : Men’s Journal
ယနေ့ခေတ်မှာ အမျိုးသားအများစု Six Packs ကြွက်သားတွေနဲ့ပတ်သတ်ပြီး ရူးသွပ်မှု များလာကြပါတယ်။ အမျိုးသားတွေဟာ Six Packs ABS တွေရှိခြင်းကို ဂုဏ်ပကာသနတစ်ခုလို သတ်မှတ်လာကြတဲ့အတွက် Six Pack ရအောင် လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ကြပါတယ်။
ဒါပေမဲ့အချို့သူတွေမှာတော့ ဘယ်လို Diet မျိုး ၊ Exercise မျိုးပဲလုပ်လုပ် ခေါင်းမာမာနဲ့ ဝမ်းဗိုက်မှာ တင်းခံနေတဲ့ အဆီတွေရှိနေတတ်တာကြောင့် Six Pack ရဖို့ကအိမ်မက်တစ်ခုအဖြစ်နဲ့သာနေကြရပါတယ်။ ဒီလိုလူတွေအတွက်တော့ Six Pack ခွဲစိတ်မှုဟာ နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတမျှင်အဖြစ်နဲ့ ပြုလုပ်လာကြတာဖြစ်ပါတယ်။
(၄) မျက်ရစ်ခွဲစိတ်မှု
Source : bestlifeonline.com
သက်လတ်ပိုင်း အမျိုးသားအများစုမှာ မျက်နှာနဲ့ပတ်သက်ပြီး စိတ်အလိုမကျဖြစ်စေတဲ့ အရာကတော့ မျက်အိတ်တွဲခြင်းပြဲဖစ်ပါတယ်။ မျက်အိတ်တွဲလာခြင်းဟာ သင့်ကိုအချိန်တိုင်းပင်ပန်းညှိုးနွမ်းနေသယောင် ဖြစ်စေပါတယ်။ ဒီအချက်ဟာ အမျိုးသားတို့ရဲ့နေ့စဉ်ဘဝမှာ သူတို့ရဲ့ Image ကို အနည်းနဲ့အများကျဆင်းစေနိုင်တယ်လို့ ခံစားလာရတာကြောင့် နောက်ဆုံးမှတော့ မျက်ရစ် ခွဲစိတ်ကုသမှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။
(၅) နားရွက်ခွဲစိတ်မှု
Source : easyhealthoptions.com
လူကြီးအများစုဆီက နားရွက်ကားလို့ ဥာဏ်ကောင်းမှာပဲလို့ ချီးမွမ်းထောပနာပြုတာမျိုး ကြုံဖူးကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်အများစုမှာတော့ သူတို့ရဲ့ နားရွက်နဲ့ ပတ်သတ်ပြီး ဂုဏ်ယူနိုင်ဖို့ ခက်ခဲနေတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ အကြည့်ရဆိုးလိုက်တာလို့ ခံစားနေကြရတာကြောင့်ဖြစ်ပါတယ်။
တကယ်လည်း နားရွက်ပုံစံမမှန်တဲ့အခါ တခါတရံမှာ ရယ်စရာကောင်းတဲ့ ရုပ်ပြောင်ကာတွန်းပုံစံ ဖြစ်နေတတ်တာကြောင့် နားရွက်ဒီခွဲစိတ်မှုကလည်း အမျိုးသားတော်တော်များပြုလုပ်လာတဲ့ ခွဲစိတ်မှုတစ်ခုထဲမှာ ပါဝင်လာပါတယ်။