ဆံပင်ပုံစံတွေဟာ ခေတ်ကို ထင်ဟပ်တဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါတယ်။ ခေတ်အဆက်ဆက်မှာ လူတွေ ထားရှိခဲ့တဲ့ ဆံပင်ဒီဇိုင်းထဲမှာကိုပဲ သူတို့ရဲ့ လူတန်းစားအလွှာ ၊ ကြွယ်ဝချမ်းသာခြင်းနဲ့ ဂုဏ်အဆင့်အတန်းကို ဖော်ပြခဲ့တာတွေ ရှိပါတယ်။
ဒီနေ့ခေတ်မှာ ဆံပင်ပုံစံ မျိုးစုံ ခေါင်းပေါ် ရောက်နေကြတယ်ဆိုပေမယ့် တကယ်တမ်း ရိုးအီမသွားတဲ့ Hairstyles တွေဆိုတာ ရှိစမြဲပါ။
(၁) Buzz Cut
Photo: Pinterest
၂၀၀၅ ခုနှစ်လောက်က ဘရက်ပစ် ထားခဲ့တဲ့ ဆံပင်ဒီဇိုင်းမျိုးပါ။ စစ်သားတွေ အများဆုံး ထားတဲ့ ဆံပင်ပုံစံအဖြစ်လည်း နာမည်ကြီးပါတယ်။ ဂျက်စတင်တင်းဘားလိတ်ခ် ၊ ဂျိတ်ခ် ဂိုင်လန်ဟေးလ် ၊ မတ်ဒေမွန်ကနေ ဂျက်စတင်ဘီဘာအထိ ဒီဆံပင်ပုံစံကို ထားကြပါတယ်။
(၂) Ivy League
Photo: Legit
၁၉၅၀ နဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက အရှေ့မြောက်ပိုင်း အမေရိကန်ပုဂ္ဂလိက တက္ကသိုလ် ၈ ခုရဲ့ အားကစားအသင်းတွေ ဖွဲ့စည်းထားတဲ့ Ivy League ဟာ ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ထားရမယ့် မူတစ်ခု ချခဲ့ပါတယ်။
ဆံပင်တိုတိုဘေးပါးပါးနဲ့ ခွဲသားသိပ်မထင်တဲ့ ဒီဆံပင်ပုံစံနဲ့ နာမည်ကြီးသူတွေထဲမှာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ JFK လည်း ပါပါတယ်။ Ivy League ဆံပင်ကေ ညှပ်မယ်ဆိုရင် ဘေးနှစ်ဘက်နဲ့ အနောက်ကို Grade Five နဲ့ ညှပ်ပေးရမှာ ဖြစ်ပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင်လို့ ကပ်ကြေးနဲ့ လိုက်ပါးသင့်တာတွေ ပါးပေးရမှာပါ။
(၃) Textured Falling Quiff
Photo: atozhairstyles
ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ လူကြိုက်အများဆုံး ဆံပင်ပုံစံတစ်ခုပါ။ ခေတ်တစ်ခေတ်ကို ဖော်ညွှန်းနိုင်ခဲ့တဲ့ ဆံပင်ဒီဇိုင်းဆိုလည်း မမှားပါဘူး။ Medium ဆံပင်ပုံစံ အမျိုးအစားထဲ ပါပြီး ဘေးနှစ်ဘက်နဲ့ နောက်ဘက်ဟာ ပြေပြေလေး ပါးထားပြီး အပေါ်နဲ့ ရှေ့ခြမ်း ဆံပင်ကို လွတ်လွတ်လပ်လပ် ဝဲနေတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဆံပင်ကိုတော့ Pomade ပါးပါးနဲ့ ပုံဖော်နိုင်ပါတယ်။
(၄) Slick Side-Parting
Photo: Axe
ဘေးခွဲဆံပင်ဒီဇိုင်းတွေဟာ ခေတ်အဆက်အဆက် မရိုးနိုင်တဲ့ ဆံပင်ဒီဇိုင်းတွေ ဖြစ်ပါတယ်။ အတို/အရှည် ပုံစံမျိုးစုံနဲ့ လာပြီး သပ်သပ်ရပ်ရပ်နေတတ်သူတွေနဲ့ လိုက်ဖက်ပါတယ်။ တစ်ချို့က မုတ်ဆိတ်နဲ့ တွဲဖက်ပြီး ထားဖို့ အကောင်းဆုံး ဆံပင်ဒီဇိုင်းအဖြစ်လည်း လက်ခံထားကြပါတယ်။
(၅) Disconnected Undercut
Photo: menshaircuts
ခေတ်စားနေတဲ့ Hair Trends တွေထဲမှာ ဒီဆံပင်ပုံစံလည်း ပါပါတယ်။ ဘေးပဲခွဲခွဲ ၊ အပေါ်မှာ Shorts Dreads အဖြစ်ပဲ ထားထား လိုက်ဖက်ပြီး Trend မိတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။