SARS-CoV-2 လို့ ခေါ်တဲ့ ကိုရိုနာရိုဗိုင်းရပ်စ်သစ်ဟာ ဒီနေ့ကမ္ဘာ့ကပ်ရောဂါအဖြစ် ခြိမ်းခြောက်နေပါတယ်။ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ကမ္ဘာတစ်လွှားမှာ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၅၃၂၂၆၃ ဦး ရှိနေပြီး သေဆုံးသူ ၂၄၀၉၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။

သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဒီဗိုင်းရပ်စ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ SARS-CoV ကိုရိုနာဗိုင်းရပ်စ်နဲ့လည်း ဆပ်စပ်နေပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုနဲ့ ပြင်းထန်လက္ခဏာပြတဲ့အပြင် ကမ္ဘာကို ခြိမ်းခြောက်တဲ့နှုန်းအရလည်း SARS-CoV-2 က ပိုပြင်းထန်ပြီး စိုးရိမ်ရလို့ COVID-19 ကို ကြိုကြိုတင်တင် ကာကွယ်ထားတာ ပိုပြီး စိတ်ချရပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းပါတယ်။ ဒီတော့ COVID-19 မကူးစက်အောင် နေ့တိုင်းမှာ ဒါလေးတွေ လုပ်ပြီး ကာကွယ်ရအောင်ပါ။

(၁) လက်ကို စနစ်တကျပုံမှန်ဆေးပါ

Photo: Medium

ရေနွေးနွေးနဲ့ ဆပ်ပြာသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကို သေသေချာချာဆေးကြော ပေးသင့်ပါတယ်။ လက်ခုံ ၊ လက်ချောင်းအကြား နဲ့ လက်သည်းတွေပါ မကျန် ဆပ်ပြာနဲ့ သေချာဆေးရမှာပါ။ အနီးအနားမှာ ရေအလွယ်တကူ မရဘူးဆိုရင် ရေမလိုတဲ့ ပိုးသတ်လက်ဆေးရည် Hand Sanitizer သုံးပါ။ အပြင်က ပြန်လာတိုင်း ၊ လက်ပ်တော့နဲ့ ဖုန်းတွေနဲ့ ထိတွေ့ပြီးတိုင်း ပုံမှန်လက်ဆေးရမှာ ဖြစ်ပါတယ်။

(၂) မျက်နှာကို လက်နဲ့ ပွတ်ခြင်းမှ ရှောင်ပါ

Photo: fethiyetimes

SARS-CoV-2 ဟာ ကြမ်းတဲ့ မျက်နှာပြင်တွေပေါ်မှာ ၇၂ နာရီအထိ ကြာအောင် နေနိုင်တာကြောင့် တံခါးလက်ကိုင်တွေ ၊ ကားသံတိုင်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်လိုက်တာနဲ့ ဗိုင်းရပ်စ်ဟာ သင့်လက်ကနေ ကူးစက်လာနိုင်ပါတယ်။
ဒီတော့ လက်ကို ရေနဲ့ စနစ်တကျ သန့်ရှင်းမှု မလုပ်ခင်မှာ မျက်နှာ ၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ သွားထိတာမျိုး ရှောင်ပါ။ လက်သည်းကိုက်တာမျိုး ရှောင်ပါ။ ဒါဟာ သင့်လက်ချောင်းမှာ ကပ်တွယ်နေတဲ့ ဗိုင်းရပ်စ်ကို သင့်ကိုယ်ထဲ အရောက် ခေါ်လိုက်သလိုမျိုးပါပဲ။

(၃) လက်ဆွဲခြင်း ပွေ့ဖက်နှုတ်ဆက်ခြင်း ရှောင်ပါ

Photo: thespinoff

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ဖို့ တစ်ခြားသူတွေနဲ့ တစ်မီတာ (သုံးပေ) အကွာကနေ နေပါ။ လူအချင်းချင်း ထိတွေ့ခြင်း ရှောင်ပါ။ ယဉ်ကျေးမှုအရ နှုတ်ဆက်ချိန်မှာ လက်ဆွဲနှုတ်ဆက်တာထက် တံတောင်ချင်းထိနှုတ်ဆက်တာမျိုး လုပ်နိုင်ပါတယ်။ သတိထားရမှာက တစ်ယောက်နဲ့တစ်ယောက် အရေပြားချင်း ထိတွေ့မှုကနေ SARS-CoV-2 ကူးသွားနိုင်တယ် ဆိုတာပါပဲ။

(၄) အသုံးအဆောင်တွေ မျှမသုံးပါနဲ့

Photo: Vox

စမတ်ဖုန်း ၊ လက်ပ်တော့နဲ့ ခေါင်းဖြီးတို့လို တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တစ်ခြားသူနဲ့ မမျှဝေဖို့ အရေးကြီးပါတယ်။ ကလေးတွေကိုလည်း ကိုယ်သုံးနေတဲ့ ပန်းကန်ခွက်ယောက်က အစ တစ်ယောက်တည်းသုံးဖို့ သင်ပေးထားပါ။

(၅) ချောင်းဆိုး/နှာချေတိုင်း ပါးစပ်နှာခေါင်း အုပ်ထားပါ

Photo: dreamstime

SARS-CoV-2 ဟာ ပါးစပ်နဲ့ နှာခေါင်းထဲမှာ အများဆုံးနေပါတယ်။ ဒါကြောင့် နှာချေ/ချောင်းဆိုးခြင်းဟာ ဗိုင်းရပ်စ်ပြန့်နှံ့ဖို့ ဖြစ်နိုင်ခြေအများဆုံး ဖြစ်ပါတယ်။ နှာချေ / ချောင်းဆိုးမယ်ဆိုရင် တစ်သျှူးနဲ့ အုပ်တာ ၊ တံတောင်နဲ့ ကာတာမျိုး လုပ်သင့်ပါတယ်။ နှာချေ/ချောင်းဆိုးပြီးရင် လက်ကို သေသေချာချာ ဆေးကြောပေးဖို့လည်း လိုပါတယ်။

(၆) မျက်နှာပြင်တွေ ပိုးသတ်ထားပါ

Photo: hartmann

အယ်ကိုဟောအခြေခံထားတဲ့ ပိုးသတ်ဆေးနဲ့ အိမ်အတွင်းတွေမှာ လိုက်ပြီး သန့်ရှင်းထားသင့်ပါတယ်။ အိမ်ထဲမှာ ဗိုင်းရပ်စ် ခိုအောင်းနေနိုင်တဲ့ စားပွဲခုံတွေ ၊ တံခါးလက်ကိုင် ၊ ပရိဘောဂတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေအပြင် သင်ကိုင်နေတဲ့ စမတ်ဖုန်း ၊ သင်သုံးနေတဲ့ လက်ပ်တော့နဲ့ သင့်လက်နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေကို ပိုးသတ်ထားရမှာပါ။

(၇) လူစုလူဝေးရှောင်ပြီး အိမ်တွင်းမှာပဲ နေပါ

Photo: Freepik

အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်နေချိန်အတွင်း လူစုလူဝေးရှောင်တာအကောင်းဆုံး အကာအကွယ်ပါပဲ။ Social Distancing လုပ်ရာမှာ အိမ်တွင်းနေပြီး အလုပ်ကိုလည်း အိမ်ကနေ လုပ်တာက အထိရောက်ဆုံး ဖြစ်ပါတယ်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်တော့ တစ်ခြားသူတွေနဲ့ ၆ ပေ အကွာကနေ ခပ်ခွာခွာနေဖို့ လိုပါတယ်။

စားသောက်ဆိုင်တွေ ၊ ကော်ဖီဆိုင် ၊ လက်ဖက်ရည်ဆိုင်နဲ့ ဘားတွေ သွားတာမျိုး ရှောင်ပါ။ ဘာသာရေးအရ ဆုတောင်းပွဲတွေနဲ့ လူစုလူဝေးအခမ်းအနားတွေလည်း မသွားဖို့ လိုပါတယ်။ တစ်ကိုယ်ရေကျန်းမာရေးအနေနဲ့ လက်ပုံမှန်‌ဆေးတာအပြင် မျက်နှာသစ်ခြင်း ၊ မုတ်ဆိတ်နှုတ်ခမ်းမွေး သန့်ရှင်းပေးခြင်းနဲ့ လက်သည်းပုံမှန် ညှပ်ပေးခြင်းများလည်း လုပ်ပေးသင့်ပါတယ်။