လူသိန်းချီကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအနေနဲ့ အားလုံးသိကြပေမယ့် ဒီရောဂါနဲ့ သက်ဆိုင်နေတဲ့ တစ်ချို့ အချက်အလက်တွေကိုတော့ လူသိနည်းကြပါတယ်။
BestLife Online ဝက်ဘ်ဆိုက်ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထူးခြားတဲ့ အချက်အလက်တွေထဲကမှ လူသိနည်းတဲ့ အချက်တွေကို စုစည်းဖော်ပြထားပါတယ်။

(၁) COVID-19 ဟာ မျက်နှာပြင်ပေါ်မှာ ၃ ရက်ကြာ နေနိုင်တယ်

Photo: bestlifeonline

အမျိုးသား ကျန်းမာရေးအင်စတီကျူ့ဒ်ရဲ့ လေ့လာမှုသစ်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ ပလတ်စတစ်နဲ့ စတိန်းလတ်စတီးလို ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေပေါ်မှာ သုံးရက်အထိ ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို အတည်မပြုနိုင်သေးပေမယ့် အခုလို ကြားရတော့ နည်းနည်းတော့ သတိပိုထားရတာပေါ့။

(၂) အဝလွန်သူတွေ ပိုစိုးရိမ်ရတယ်

Photo: bestlifeonline

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ကြီးသူတွေနဲ့ အသက်ရှုလမ်းကြောင်းစနစ် မကောင်းတဲ့ သူတွေမှာ သေစေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်ဆိုတာ ကြားဖူးပြီးသားပါ။ အဝလွန်သူတွေနဲ့ ဆီးချိုသွေးချိုသမားတွေလည်း ဒီရောဂါဖြစ်ရင် အသက်အန္တရာယ် ကြောက်ရပါတယ်။ ကိုယ်အလေးချိန် မြင့်တက်နေသူတွေနဲ့ အဝလွန်ရောဂါခံစားနေရသူတွေမှာ တုပ်ကွေးဆေးတွေဟာ ထိရောက်မှုနည်းတယ်လို့လည်း သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။
နောက်ထပ် ထူးဆန်းတဲ့အချက်က COVID-19 ဟာ ၁၀ နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်နည်းတယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်သူ ၉၀% နီးပါးက အသက် ၃၀ ကနေ ၇၉ နှစ် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ COVID-19 ဖြစ်ပွားနိုင်ခြေ နည်းတဲ့ အကြောင်းအတွက် အဖြေကိုလည်း သိပ္ပံပညာရှင်တွေအနေနဲ့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

(၃) နွေးထွေးတဲ့ အပူချိန်မှာ ကူးစက်မှုနည်းတယ်ဆိုတာ မဟုတ်ဘူး

Photo: bestlifeonline

ပုံမှန်တုပ်ကွေးရာသီတွေဟာ အေးတဲ့ရာသီတွေမှာ ဖြစ်တတ်ကြလို့ COVID-19 လည်း ရာသီဥတုပူလာရင် ဖြည်းဖြည်းချင်း ပျောက်သွားမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း COVID-19 ကတော့ ပူနွေးတဲ့ ရာသီတစ်ခုတည်းနဲ့ ရောဂါကူးစက်မှု ကျသွားတယ်ဆိုတာမျိုး မရှိဘူးလို့ နယူးယော့ခ် ဇီဝကမ္မပညာရှင် ရိုစီယို ဆာလာ့စ်ဝေလန်က ဆိုပါတယ်။

(၄) ကိုရိုနာဗိုင်းရပ်စ်နှင့် သူ၏ ဆွေမျိုးများ

Photo: bestlifeonline

ကိုရိုနာဗိုင်းရပ်စ်လေ့လာရေး အဖွဲ့ CSG ကတော့ COVID-19 ဟာ ၂၀၀၂-၂၀၀၃ ခုနှစ် ဖြစ်ပွားခဲ့တဲ့ ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ SARS ရဲ့ ပုံစံတစ်မျိုးလို့ ဆိုပါတယ်။ COVID-19 ရဲ့ တရားဝင်နာမည်ကလည်း SARS-CoV-2 ဖြစ်ပါတယ်။ COVID-19 ဟာ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း ရောဂါ MERS နဲ့လည်း ဆက်စပ်မှုရှိပါတယ်။

(၅) COVID-19 ဆိုတာ ဗိုင်းရပ်စ်လား

Photo: WHO

COVID-19 ဆိုတာ ဗိုင်းရပ်စ်ကို ပြောတာမဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားလာတဲ့ ကူးစက်ရောဂါကို ပြောတာပါ။ WHO ကလည်း တရားဝင်နာမည်ဖြစ်တဲ့ SARS-CoV-2 ဗိုင်းရပ်စ်လို့ ခေါ်ခြင်းဟာ ရှုပ်ထွေးနိုင်ပြီး မလိုအပ်ဘဲ စိုးရိမ်ကြောင့်ကြမှု ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၂၀၀၃ ခုနှစ်က ကူးစက်ပြန့်ပွားသွားတဲ့ SARS ဗိုင်းရပ်စ် ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ အာရှဒေသနေ ပြည်သူတွေအတွက် လူမျိုးရေးခွဲခြားတာလိုမျိုး သက်ရောက်မှုတွေ ဖြစ်လာနိုင်လို့ COVID-19 လို့ပဲ ရောဂါနာမည်သတ်မှတ်ခဲ့တာပါ။

(၆) အိမ်မွေးတိရစ္ဆာန်တွေလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။

Photo: bestlifeonline

၂၀၁၁ ခုနှစ်က လေ့လာခဲ့တဲ့ ဗိုင်းရပ်စ်လေ့လာမှုဆိုင်ရာ လေ့လာချက်အရ Pantropic Canine ကိုရိုနာဗိုင်းရပ်စ် (CCoV) ဟာ ခွေးတွေနဲ့ ကြောင်တွေမှာ ကူးစက်နိုင်သလို Feline Infectious Peritonitis လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကလည်း ကြောင်တွေမှာ ဖြစ်ပွားချိန်မှာ တုပ်ကွေးလက္ခဏာများ ပြပြီး ကိုယ်တွင်းအင်္ဂါတွေပါ ပျက်စီးစေနိုင်တာ တွေ့ခဲ့ရပါတယ်။

(၇) COVID-19 ထက် အရင် ကပ်ရောဂါတွေက ပိုဆိုးပါတယ်

Photo: bestlifeonline

ကိုရိုနာဗိုင်းရပ်စ်ဟာ စိုးရိမ်စရာ ကမ္ဘာ့ကပ်ရောဂါတစ်ခုပါ။ ဒါပေမယ့် သူ့အရင် ၁၉၅၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ H2N2 တုပ်ကွေးမှာ လူပေါင်း ၁.၁ သန်း သေဆုံးခဲ့ရပါတယ်။ ဒါဟာ အဲဒီအချိန် ကမ္ဘာ့လူဦးရေရဲ့ ၀.၀၄% ဖြစ်ပါတယ်။ ၁၉၁၈ စပိန်တုပ်ကွေးမှာ လူသန်း ၅၀ သေဆုံးခဲ့ပြီး Black Death ကပ်ဘေးကြောင့် အဲဒီအချိန် ကမ္ဘာ့လူဦးရေရဲ့ ၁၇% နီးပါ သေဆုံး ပျက်စီးခဲ့ရပါတယ်။

(၈) စက္ကန့် ၂၀ ကြာ လက်ဆေးရင် လုံလောက်သလား

Photo: bestlifeonline

လက်ကို ဆပ်ပြာ/ရေနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးရမယ်ဆိုပေမယ့် တကယ်လုံလောက်သလားဆိုတော့ မဟုတ်ပါဘူးတဲ့ ။ ပညာရှင်တွေကတော့ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကနေ ၃၀ ကြာအောင် ဆေးပြီးမှ ရေနွေးနွေးနဲ့ လောင်းချဖို့ အကြံပေးထားပါတယ်။

(၉) Face Mask က COVID-19 ကို အပြည့်အဝမကာကွယ်နိုင်ပါဘူး

Photo: bestlifeonline

ကိုရိုနာဗိုင်းရပ်စ်ဟာ အရည်အမှုန်အမွှားတွေကနေ ကူးစက်နိုင်တာကြောင့် Face Mask ရိုးရိုးပဲဖြစ်ဖြစ် ခွဲခန်းသုံး Face Mask နဲ့ N95 Mask ပဲ ဖြစ်ဖြစ် သုံးဖို့ ထောက်ခံချက်မပေးထားပါဘူး။ မှန်ကန်တဲ့လက်ဆေးခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ဆို လုံလောက်တယ်လို့ ဆိုပါတယ်။

(၁၀) သင့်ဖိနပ်ကလည်း အရေးကြီးပါတယ်

Photo: bestlifeonline

လက်ဆေးခြင်းဟာ COVID-19 ကူးစက်မှု ကာကွယ်ရေးမှာ အရေးကြီးသလို အပြင်က ပြန်လာတိုင်း သင့်ဖိနပ်ကို အိမ်အပြင်ဘက်မှာ ချွှတ်ခဲ့ဖို့က အရေးကြီးပါ။ ကိုရိုနာဗိုင်းရပ်စ်ပိုးပါတဲ့ အမှုန်အမွှားတွေကို ဖိနပ်နဲ့ နင်းမိလာနိုင်လို့ ဖြစ်ပါတယ်။