COVID-19 ကူးစက်မှု လျှော့ချဖို့ အိမ်ထဲမှာနေထိုင်ခြင်းက ဘာကြောင့် အရေးကြီးသလဲဆိုတဲ့အချက်ကို လေ့လာမှုသစ်တစ်ခုက ထောက်ပြထားတာ ရှိပါတယ်။

စိန့်အန်ဒရူးတက္ကသိုလ်က လုပ်တဲ့ သုတေသနသစ်တစ်ခုအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေ ပေါ်ထွက်လာပြီးနောက် ၅ ရက်အတွင်းဟာ ရောဂါကူးစက်ဖို့ အမြင့်ဆုံးအချိန် ဖြစ်တယ်လို့ ဆိုပါတယ်။ စကော့တလန်မှာ ရှိတဲ့ စိန့်အန်ဒရူးတက္ကသိုလ်မှ သုတေသီတွေဟာ COVID-19 ကူးစက်ခံထားရတဲ့ လူနာပေါင်း ၇၉၉၇ ဦးကို လေ့လာခဲ့တဲ့ စာတမ်း ၉၈ စောင်ကို သုံးသပ်ခွဲခြမ်းလေ့လာခဲ့တာပါ။

Photo: Forbes

ဒီတွေ့ရှိချက်ကို Lancet Microbe ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ သုတေသနပညာရှင်တွေဟာ COVID-19 ရောဂါဖြစ်စေနိုင်တဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို အချိန်အပိုင်းအခြားအမျိုးမျိုးမှာ ခံတွင်းနဲ့အဆုတ်အကြား ဘယ်လောက်ပမာဏနဲ့ တွေ့ကြသလဲဆိုတာကို အကဲဖြတ်လေ့လာခဲ့ကြပါတယ်။

သုတေသီတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ MERS နဲ့ SARS တို့နဲ့လည်း နှိုင်းယှဉ်အကဲဖြတ်မှု လုပ်ခဲ့ပါတယ်။ SARS-CoV-2 ဟာ ဗိုင်းရပ်စ်သယ်‌ဆောင်မှုပမာဏ အများဆုံး ဖြစ်ပြီး ရောဂါလက္ခဏာစပြပြီး ၅ ရက်အတွင်း အမြင့်ဆုံးရောက်လာပါတယ်။ SARS နဲ့ MERS-CoV တို့ရဲ့ ဗိုင်းရပ်စ်သယ်ဆောင်မှုပမာဏအမြင့်ဆုံးအချိန်ဟာ ရောဂါလက္ခဏာစပြီး ၁၀-၁၄ ရက်အတွင်းနဲ့ ၇-၁၀ ရက်အတွင်း ဖြစ်ပါတယ်။

“ဒါဟာ လူတွေမှာ ဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် သုံးမျိုးမှာ ဗိုင်းရပ်စ်သယ်ဆောင်မှုအမြင့်ဆုံးက ဘယ်ရောဂါလဲဆိုတာကို သေချာနားလည်သဘောပေါက်အောင် လေ့လာထားတဲ့ ပထမဆုံးစနစ်တကျလေ့လာသုံးသပ်မှုဖြစ်ပါတယ်။ ဒီလေ့လာမှုကနေ SARS-CoV-2 ဟာ ကျန်တဲ့ SARS-CoV နဲ့ MERS-CoV တို့ထက် ပိုပြီး ထိထိရောက်ရောက် ဘယ်လိုပျံ့နှံ့တယ် ၊ ဘာကြောင့်ထိန်းချုပ်ရခက်တယ်ဆိုတာကို ရှင်းလင်းချက်ပေးနိုင်ပါတယ်။” လို့ လေ့လာမှုခေါင်းဆောင် ဒေါက်တာ မူဂီစီဗစ်ခ်က ဆိုပါတယ်။

Photo: centralfifetimes

အသက်ရှုပေါက်အပေါ်ပိုင်းမှာ တွေ့ရတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပမာဏ သိသိသာသာ မြန်မြန်ဆန်ဆန် တိုးပွားလာခြင်းဟာ အခုလို ကူးစက်မှုမြင့်စေတဲ့ အကြောင်းရင်းထဲကတစ်ခု ဖြစ်တယ်လို့ သုတေသီတွေက ယုံကြည်ပါတယ်။ COVID-19 ရောဂါလက္ခဏာပြသူတွေနဲ့ မပြသူတွေအကြားမှာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်မှုဟာ ကွဲပြားမှုမရှိဘူးလို့လည်း လေ့လာမှုက ဆိုပါတယ်။

လေ့လာမှုအရ COVID-19 လူနာတွေဟာ တခြားသူတွေကို ၉ ရက်ထိ ကြာအောင် ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံအများစုကတော့ COVID-19 လူနာတွေကို တခြားသူတွေနဲ့ မတွေ့အောင် ၁၀ ရက်ကြာ ခွဲထားသင့်တယ်လို့ ထောက်ခံထားပါတယ်။