ပေါ်တူဂီလက်ရွေးစင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုကတော့ စပိန်နိုင်ငံ လာပါမာမီးတောင်ပေါက်ကွဲမှုကြောင့် ဘေးဒုက္ခရောက်ခဲ့ရတဲ့ ဒုက္ခသည်တွေကို ကူညီလှူဒါန်းဖို့ ရန်ပုံငွေရှာဖွေရန် ၎င်းရဲ့ လက်မှတ်ပါ ပေါ်တူဂီအသင်းအင်္ကျီကို လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

cristiano-ronaldo-auctions-signed-shirt-to-raise-money-for-la-palma-volcano-victims
Photo : MARCA

ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ ၎င်းရဲ့ ကျောနံပါတ် ၇ အင်္ကျီကို လေလံတင်ရောင်းချရာမှရရှိမယ့် ရန်ပုံငွေများကို သဘာဝဘေးဒဏ်ကြောင့်နေအိမ်စွန့်ခွာခဲ့ရတဲ့ မီးတောင် ဒုက္ခသည် ၇၀၀၀ ကျော်အတွက် ထောက်ပံ့ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးပေါင်း ၂၉၁၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး လူပေါင်းထောင်ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို စီရော်နယ်ဒိုဟာ ပေါ်တူဂီအိမ်ကွင်းအင်္ကျီကျောဘက်မှာ သူ့ရဲ့လက်မှတ်ကို ရေးထိုးခဲ့ပြီး သဘာဝဘေးဒဏ် ခံခဲ့ရသူတွေအတွက် ကြည်နူးစရာ သတင်းစကားကိုလည်း ရေးခဲ့ပါတယ်။ ” မီးတောင်ပေါက်ကွဲမှုက လာပါမားကျွန်းကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး ၊ သာယာလှပတဲ့ ကျွန်လေးအတွက် ကျွန်တော်အစွမ်းကုန် ကူညီပေးသွားမှာပါ” လို့ အားပေးစကား ရေးသားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ရဲ့ ကျောနံပါတ် ၇ ဂျာစီလေလံပွဲကို ခရစ္စမတ်ပွဲတော်အကြိုနေ့မှာ စတင်မှာဖြစ်ပြီး ဘောလုံးပရိသတ်တွေအနေနဲ့ ဇန်နဝါရီ ၃ ရက်နေ့အထိ ၎င်းရဲ့ အင်္ကျီကို လေလံဆွဲခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

cristiano-ronaldo-auctions-signed-shirt-to-raise-money-for-la-palma-volcano-victims

Photo : Premier League

ခရစ္စတီယာနို စီရော်နယ်ဒိုဟာ ပရဟိတလုပ်ငန်းတွေနဲ့ အလှူအတန်းလုပ်ရာမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှာ ပေါ်တူဂီရှိ ဆေးရုံသုံးရုံအတွက် ပေါင် ၉၀၀၀၀၀ ဝန်းကျင် လှူဒါန်းပေးခဲ့ပါသေးတယ်။ ယခုတစ်ကြိမ်မှာလည်း ၎င်းရဲ့ ကျောနံပါတ် ၇ အင်္ကျီလေလံတင်မှုကနေ ရရှိလာမယ့်ငွေကြေးအားလုံးကို မီးတောင်ပေါက်ကွဲမှုကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်အတွက် ကူညီပေးနိုင်ဖို့အတွက် ရန်ပုံငွေရှာနေတာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Sabah