ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီအစောပိုင်း ရှုံးပွဲအပြီး မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကစားသမားတွေကို ချီးကျူးခဲ့တာကြောင့် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
Photo: The Independent
ပြီးခဲ့တဲ့အပတ် စနေနေ့က ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့မှုက ဆိုးလ်ရှားရဲ့ နောက်ဆုံးပွဲစဉ်ဆိုတာ ကျိန်းသေသွားစေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယူနိုက်တက်ဟာ ရာသီကုန်တဲ့အထိ ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ ရာသီအစကတည်းက အံ့အားသင့်ဖွယ် ကျဆင်းခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ကာလအတွင်း ၁၄ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးရင်း အသင်းကို ဦးဆောင်ပေးခဲ့သူဖြစ်ပြီး ဆိုးလ်ရှားက အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးရဲ့ အရည်အချင်းကြောင့် ပွဲအဆုံးအဖြတ်ပေးဖို့အတွက် အလွန်အမင်း အားထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ယူနိုက်တက်ရဲ့ အဆင့်အတန်း ကျဆင်းသွားမှုကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ စက်တင်ဘာလက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားကိုအပြစ်တင်ထောက်ပြခဲ့တယ်လို့ The Sunday Times က ဖော်ပြခဲ့ပါတယ်။
Photo: The Independent
ဆိုးလ်ရှားဟာ ယူနိုက်တက်ကစားသမားတွေရဲ့ ကစားတဲ့ပုံစံကို နှစ်သက်ကြောင်း ချီးကျူးပြောကြားခဲ့ကာ ကစားသမားတွေရဲ့ ခံယူချက်နဲ့ပတ်သက်ပြီး အမှန်တကယ်ပျော်ရွှင်ခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ အသင်းအနေနဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ အပေါ် အခုလို ဆိုးလ်ရှားရဲ့ တုံ့ပြန်မှုကြောင့် အံ့သြတုန်လှုပ်ခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ဆိုးရွားတယ်လို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ် ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုင်ပွဲ ပြန်လည် ရရှိလာခဲ့ပေမယ့် ယနေ့ညနေမှာ ချဲလ်ဆီးအသင်းနဲ့ နောက်ထပ် ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခံရဦးမှာဖြစ်ပါတယ်။
Featured Photo: Skysport