ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကို မြူးနစ်မှာ ဂျာမနီအသင်းကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ပွဲစဉ်အပြီးမှာ လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဒီဒီ ဟာမန်းက အရူးလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ယခုအပတ်အစောပိုင်းမှာ ပြင်သစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်း ၁၅ မိနစ်အတွင်း ရော်နယ်ဒိုရဲ့ သွင်းဂိုးကြောင့် စောစောစီးစီး ပြိုင်ပွဲက ထွက်ခွာရပြီလို့ ထင်မြင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ ပင်နယ်တီ ဧရိယာကနေ တန်ပြန်တိုက်စစ်ကို စတင်ခဲ့ပြီး ရင်သပ်ရှုမောဖွယ် ပြေးအားနဲ့ ဂျာမနီအသင်း ပင်နယ်တီဧရိယာထဲကို ပြေးဝင် အဆုံးသတ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Portugal v Germany

Photo: Ace Football

ယင်းဖြစ်ရပ်အပြီးမှာ ဂျူဗင်တပ်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်တဲ့ ဘောလုံးစွမ်းရည်ကို ပြသတဲ့အနေနဲ့ ချဲလ်ဆီးနောက်ခံကစားသမား ရူဒီဂါအပေါ်ကနေ ဘောလုံးကို ကျော်ထုတ်ပြခဲ့ပြီးနောက် ဘောလုံးကို မကြည့်ဘဲ ဆရာကျကျ နောက်ပြန်ပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဟာမန်းကတော့ ယင်းဖြစ်စဉ်ကို သဘောမကျခဲ့ဘဲ အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ဟာ ပြိုင်ဘက်အသင်းကို တန်ပြန်သက်ရောက်မှုဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ ၄-၂ နဲ့ အနိုင်ရရှိသွားအောင် ဆွသလိုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ထင်တယ်။ သူ ဘောလုံးကို ကျော်ယူလိုက်ပြီး ဘောလုံးဖမ်းမလို ဟန်ဆောင်ပြီးတော့ နောက်ဖနောင့်နဲ့ တဖက်ကို လှည့်ပြီး ပေးလိုက်တယ်။ အဲဒါက အရမ်းအံ့အားသင့်စရာဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ သူ အဲဒီလို လုပ်နိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော် ထင်တာက သူက ပြိုင်ဘက်ကို အထင်သေးတဲ့ပုံစံမျိုးပဲ”

“ဒီဖြစ်ရပ်က ၁-၀ ဖြစ်နေတဲ့အချိန်ဖြစ်ပြီး ခင်ဗျားတို့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အုတ်အော်သောင်းနင်းဖြစ်နေတဲ့အချိန်မှာ ဒီမှာ ကျွန်တော် ထိုင်နေခဲ့တယ်။ ဟုတ်ပါတယ်။ သူက မက်ဆီနဲ့အတူတူ အကောင်းဆုံးပဲ။ သူ အခုဆို အရူးဖြစ်သွားပြီ။ သူက အရူးနဲ့ တူသွားပြီ”

Cristiano Ronaldo branded ‘a fool’ by Didi Hamann

Photo: The Sun

“ခင်ဗျား ဂျာမနီ ကစားသမားတွေကို မေးကြည့်ရင် သူတို့တွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့တွေးခဲ့တာကို ပြောပြလိမ့်မယ်။ သူတို့တွေ အဲဒါကို သတိပြုမိကြလိမ့်မယ်။ ခင်ဗျားကို ကျွန်တော် အခုပဲ ပြောလိုက်မယ်။ သူတို့အားလုံးက အဲဒီဖြစ်စဉ်ဟာ အရာအားလုံးကို ပြောင်းလဲဖို့ နည်းနည်းပို တွန်းအားပေးခဲ့တာဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ပြောလိမ့်မယ်”

“သူ ဘာရမှာမို့လို့ အဲဒီလို လုပ်ဖို့ ကြိုးစားနေတာလဲ။ ဂျာမနီအသင်းပြန်လာနိုင်ခဲ့တာရဲ့အစက အဲဒါကြောင့်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။