ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ငယ်စဉ်က ဆင်းရဲချို့တဲ့လွန်းတဲ့ဘဝမှာ နေထိုင်ခဲ့ရသူဖြစ်ပြီး ဘယ်သူကမှ ယနေ့အချိန်မှာလို အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြမှာ မဟုတ်ပါဘူး။

Photo: Goal.com
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနိုင်ငံ၊ မဒေရာကျွန်းက ၎င်းတို့ရဲ့ သေးငယ်လှတဲ့ မိသားစုအိမ်လေးမှာ မွေးချင်းတွေနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် နေထိုင်ခဲ့ရပြီး အကြိမ်ပေါင်းများစွာ ဆာလောင်ငတ်မွတ်ခြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာဖြစ်ပါတယ်။ စပို့တင်း လစ္စဘွန်းအသင်းကို ပြောင်းရွှေ့ခွင့် ရရှိခဲ့ခြင်းက ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝ ထိပ်ဆုံးကို ရောက်ရှိနိုင်မယ့် လမ်းကြောင်းအစဖြစ်ခဲ့ပေမယ့် အဲဒီအချိန်အထိ ငွေကြေးလုံလောက်ခြင်းမရှိဘဲ ဒုက္ခဆင်းရဲတွေ ဆက်လက်ခံစားရဆဲ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာဟာ ဖခင်ဖြစ်သူ လူငယ်ကစားသမားဘဝတုန်းက နေထိုင်ခဲ့တဲ့ အိမ်ကို မြင်တွေ့ရတဲ့အချိန်မှာ မယုံနိုင်ဘဲ အံ့အားသင့် တုန်လှုပ်ခဲ့ပါတယ်။ “ကျွန်တော့်သားက ကျွန်တော့်ကို လှည့်ကြည့်ပြီး ‘အဖေ ဒီမှာ တကယ်ပဲ နေခဲ့တာလား’လို့ ပြောခဲ့ပါတယ်။ သူတို့တွေက ဒီကမ္ဘာကြီးမှာ အကုန်လုံးက လွယ်ကူနေတယ်လို့ ထင်နေတာ။ သူတို့တွေက လိုချင်တာအားလုံး သူတို့ရှေ့ အလိုလို ရောက်လာလိမ့်မယ်လို့ ထင်နေတာပါ”

Photo: Givemesport
ရော်နယ်လ်ဒိုဟာ ၂၀၁၉ ခုနှစ်တုန်းက ပီယာစ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ၎င်းရဲ့ ရင်နင့်ဖွယ် ကလေးဘဝနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဒေသတွင်း မက်ဒေါ်နယ်စားသောက်ဆိုင်ကို ဘာဂါသွားတောင်းစားခဲ့ရတဲ့အကြောင်း ထုတ်ဖော်ပြောကြားရင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့တာဖြစ်ပါတယ်။ အမေ့အိမ်မှာမဟုတ်ရင် ငတ်ပြတ်နေတဲ့ ကမ္ဘာပေါ်က အခြားသား၊ သမီးတွေရဲ့ ထုံးစံအတိုင်းပဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အဲဒီအချိန်တုန်းက မိသားစုနဲ့ အဝေး လစ္စဘွန်းမှာ တစ်ဦးတည်း နေထိုင်ခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ဟာ ၎င်းရဲ့ဘဝမှာ အရမ်းခက်ခဲတဲ့ အချိန်ကာလဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo: Google.com
အင်တာာဗျူးမှာ ရော်နယ်လ်ဒိုက ၎င်းကို ဘာဂါလက်ကျန်တွေကို ကျွေးမွေးခဲ့တဲ့ အက်ဒ်နာလို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးအပါအဝင် အခြား အမျိုးသမီး ၂ ဦးကိုလည်း ငတ်မွတ်နေချိန်မှာ စားစရာတွေ ပေးခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်ချင်တာကြောင့် ရှာဖွေပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “ညဘက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ဆို ကျွန်တော်တို့ နည်းနည်း ဗိုက်ဆာတတ်ပါတယ်။ ကျွန်တော်တို့ နေခဲ့တဲ့ကွင်းရဲ့ ရှေ့မှာ မက်ဒေါ်နယ်ဆိုင်ရှိတယ်။ ကျွန်တော်တို့ အဲဒီကို အနောက်တံခါးကနေ သွားပြီး တံခါးခေါက်ပြီး ‘ဟိတ် ဘာဂါလေးများ ကျန်သေးလားမသိဘူးဗျ’လို့ သွားတောင်းနေကျပါ။ အက်ဒ်နာနဲ့ နောက်ထပ် ကောင်မလေး ၂ ယောက်။ သူတို့က မယုံနိုင်စရာပါပဲ။ ကျွန်တော် ဒီကောင်မလေးတွေကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ပါဘူး”

Photo: Givemesport
“ကျွန်တော် ပေါ်တူဂီမှာရှိတဲ့ လူအချို့နဲ့ ဒီကောင်မလေးတွေကို ရှာဖို့ စကားပြောခဲ့ပေမယ့် သူတို့တွေ မက်ဒေါ်နယ်ဆိုင် ပိတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီအင်တာဗျူးက သူတို့ကို ရှာတွေ့နိုင်ဖို့ အကူအညီဖြစ်မယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်မိမှာပါ။ ကျွန်တော် သူတို့ကို တူရင် သို့မဟုတ် လစ္စဘွန်းက ကျွန်တော့်အိမ်ကို လာဖို့ ဖိတ်ချင်တယ်။ ကျွန်တော်နဲ့အတူ ညစာလာစားဖို့ ဖိတ်ခေါ်ချင်ပြီး ရိုးရိုးသားသားပြောရရင် ဒီကောင်မလေးတွေကို ကျွန်တော် ရှာတွေ့ချင်ပါတယ်။ ကျွန်တော် သူတို့ကို တစ်ခုခု ပြန်ပေးချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Givemesport
