ခရစ္စတီယာနို ရော်နယ်ဒိုဟာ နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့တာကြောင့် အင်္ကျီချွတ် အောင်ပွဲခံခဲ့ပေမယ့် VAR က ဂိုးကို ငြင်းပယ်ခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အူဒီးနီးစ်နဲ့ ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး နာကျင်အချိန်ပို ၅ မိနစ်မှာ ချီယေဆာရဲ့ ကောင်းမွန်တဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော် ၅ ဆုရှင်ဟာ ဂျူဗင်တပ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိအောင် ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ၎င်းရဲ့ အင်္ကျီကို ချွတ်ပြီး အသင်းဖော်တွေနဲ့အတူ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Cristiano Ronaldo Removes Shirt After Scoring 95th Minute Winner,

Photo: The Sun

ဒါပေမယ့်လည်း VAR က ရော်နယ်ဒိုဟာ အနည်းငယ် လူကျွံနေခဲ့တာကို တွေ့ရှိခဲ့ပြီး ဂိုးကို ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းနိုင်ခဲ့ပြီအထင်နဲ့ အဝါကတ်ပြား ပြသခံပြီး အင်္ကျီချွတ်အောင်ပွဲခံပေမယ့် ဂိုးမရရှိခဲ့ဘဲ အဝါကတ်သာ အဖတ်တင်ခဲ့တာကြောင့် ဖွတ်မရ ဓားမဆုံး ဆိုသလို ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အူဒီးနီးစ်နဲ့ ပွဲစဉ်မစတင်မီ ပွဲထွက်ကစားသမားစာရင်းထဲမှာ ရော်နယ်ဒို မပါဝင်မှုက ၎င်းကိုယ်တိုင် ပွဲထွက်ကစားသမားအဖြစ် မပါဝင်ချင်ဘဲ ခွင့်တောင်းထားတာကြောင့်ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုနဲ့ Sky Sport Italia တို့ကတော့ ပွဲထွက်ကစားသမားစာရင်းမှာ ရော်နယ်ဒို မပါဝင်ခဲ့တာက အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ ယခုလ အပြောင်းအရွှေ့စျေးကွက်မပိတ်မီ အသင်းကို စွန့်ခွာချင်နေတာနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Featured Photo: The Sun