ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဗီလာရီးရဲလ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တလျှောက်လုံး အသင်းကို အကူအညီပေးခဲ့တဲ့အတွက် ယူနိုက်တက်ပရိသတ်တွေကို ကျေးဇူးတင်ခဲ့ပြီး အသင်းမှာ နောက်ထပ်တစ်ကြိမ် သမိုင်းသစ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိန်ကလပ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးဖို့ နာရီဝက်လိုတဲ့အထိ ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့် အဲလက်စ် တဲလက်စ်ရဲ့ လှပသေသပ်တဲ့ မြေမကျဘောကန်သွင်းမှုကြောင့် ချေပဂိုး ရရှိခဲ့တာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒိုက နာကျင်အချိန်ပိုမှာ ယူနိုက်တက်အတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ယန်းဘွိုင်းအသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုပွဲစဉ်မှာသာ အနိုင်ရလဒ် ပြန်လည်ရယူနိုင်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင် စောစောစီးစီး ပြိုင်ပွဲကနေ ထွက်ခွာရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Cristiano Ronaldo sends message to Man United fans

Photo: Metro

ဒါပေမယ့်လည်း ရုပ်ရှင်ဆန်ဆန် အလှည့်အပြောင်းဖြစ်လာခဲ့ပြီးနောက် ရော်နယ်ဒိုက လက်ရှိမှာတော့ ယူနိုက်တက်ဟာ အုပ်စု F ကနေ နောက်တဆင့် တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး နိုင်ပွဲမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့တာဖြစ်ပါတယ်။

“အခု အရာအားလုံးက ဖြစ်နိုင်နေပါပြီ။ အရာအားလုံးက လမ်းပွင့်နေပြီး ကျွန်တော်တို့ နောက်တဆင့် တက်ရောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။အဲဒါကြောင့်ပဲ ကျွန်တော် ဒီကို ပြန်လာခဲ့တာပါ။ ကျွန်တော် ဒီအသင်းကို အရမ်းပဲ လွမ်းနေခဲ့တာပါ။ ကျွန်တော် ဒီအသင်းနဲ့ သမိုင်းရေးထိုးခဲ့တယ်။ နောက်ထပ်တစ်ကြိမ် သမိုင်းသစ် ထပ်ရေးထိုးချင်ပါတယ်။ ကျွန်တော့်တစ်ယောက်တည်းမဟုတ်ဘဲ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောရမှာပါ။ အထူးသဖြင့် ဒီရာသီမှာ အသင်းကို တွန်းအားပေးဖို့က အရမ်းအရေးပါခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာသာ အနိုင်မရရှိခဲ့ဘူးဆိုရင် နည်းပြ ဆိုးလ်ရှားရဲ့ ရာထူးဟာ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Featured Photo: Vbet News