ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုက်နေချိန်အတွင်း ၎င်းရဲ့လုပ်ရပ်ကြောင့် ဂျူဗင်တပ်အသင်းဥက္ကဌဟောင်း ဂျီအိုဗန်နီကိုဘိုလီဂစ်ဂလီရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းဖော် ရူဂါနီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သီးခြားစီခွဲနေဖို့အတွက် ၎င်းရဲ့မွေးရပ်ဇာတိမြို့ မဒီရာကို ပြန်သွားခဲ့တာဖြစ်ပါတယ်။

Photo: metro

ရော်နယ်ဒိုဟာ ၎င်းရဲ့မိခင် လေဖြတ်ဝေဒနာခံစားခဲ့ရပြီးနောက် ပေါ်တူဂီကို ပြန်သွားခဲ့တာလည်းဖြစ်ပြီး အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၄၃၈၆ ဦးနဲ့ သေဆုံးသူ ၇၅၀၃ ဦးအထိ ရှိလာခဲ့ပြီးနောက် အထိအနာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာခဲ့တာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် အီတလီဘောလုံးလောကအရှုပ်တော်ပုံဖြစ်ပွားပြီးနောက်ပိုင်း ဂျူဗင်တပ်အသင်းဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဂစ်ဂလီက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်း ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ဂျူဗင်တပ်ကစားသမားတွေဟာ အီတလီကနေ ထွက်ခွာခွင့်ပြုခြင်းမခံရသင့်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခရစ်စတီယာနိုရော်နယ်ဒို ပေါ်တူဂီပြန်သွားတဲ့အချိန်မှာ ဂျူဗင်တပ်မှာ စပြီး ရှုပ်ထွေးလာခဲ့တာပါ သူက ပေါ်တူဂီကို သွားရတော့မယ်လို့ ပြောတယ်။ သူ့အမေကြောင့်ပေါ့။ ဒါပေမယ့် အခု သူ့ကိုကြည့်လိုက်ရင် ရေကူးကန်နဲ့ ဓာတ်ပုံရိုက်နေတဲ့ပုံတွေချည်းပဲ”

Photo: The Sun

“သူ့အတွက် ခြွင်းချက်ထားပေးတဲ့အချိန်မှာ အရာရာက တစ်နေရာစီ လဲပြိုခဲ့ပြီး အခြားကစားသမားတွေကလည်း အိမ်ပြန်ချင်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလိုမျိုး မဖြစ်ခဲ့သင့်ပါဘူး”

“သူတို့အားလုံးဟာ သီးခြားစီနေထိုင်မှုမှာ ရှိနေခဲ့သင့်တာပါ”

“အခု ဝေဖန်ပြစ်တင်နေတာက လွယ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေက အီတလီကို ဘာကြောင့် စွန့်ခွာချင်ရလဲဆိုတာကို ကျွန်တော် နားမလည်ပါဘူး”

“သူတို့ အီတလီကို ပြန်လာတဲ့အခါမှာ နဂိုပုံစံအတိုင်းပြန်ရဖို့က ပိုပြီးတော့တောင် ခက်ခဲလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ သီးခြားစီ ၁၄ ရက် နေထိုင်ရမှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။