အသက် ၃၆ နှစ်အရွယ် ဂျူဗင်တပ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကို ဘောလုံးလောကရဲ့စံပြ ပါရမီရှင် အားကစားသမားတစ်ဦးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ တကယ်က ရော်နယ်ဒိုဟာ သူ့ရဲ့ပါရမီအစွမ်းကို အများနဲ့မတူ ထူးပြီး ချွန်အောင် ကြိုးစားတာ ၊ အဆက်မပြတ်တိုးတက်အောင် တည်ဆောက်နေတာကြောင့် အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ်ကို ရောက်လာတာလို့လည်း ပြောနိုင်ပါတယ်။

ရော်နယ်ဒိုဟာ သူ့တစ်ကိုယ်လုံးကို သူ့စိတ်တိုင်းကျတည်ဆောက်ထားတာလို့တောင် ပြောလို့ ရပါတယ်။ ရော်နယ်ဒိုဟာ စည်းစနစ်ကြီးတယ်။ ရည်မှန်းချက်ကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပုံသွင်းတယ်။ ကျန်တာ မကြည့်ပါနဲ့။ သူ့ရဲ့ စားသောက်မှုပုံစံကိုက သူ့ကို ခရစ္စတီယာနိုရော်နယ်ဒိုရယ်လို့ ကမ္ဘာကအသိအမှတ်ပြုအောင် ဖန်တီးရာမှာ အဓိကကျပါတယ်။

Cristiano Ronaldo’s Diet Plan

Photo: Business Insider

မကြာခဏဆိုသလို ရော်နယ်ဒိုဟာ တစ်နေ့ကို နည်းနည်းချင်းစားပြီး ဇီဝကမ္မဖြစ်စဉ်ကို အလေ့အကျင့်လုပ်တတ်ပါတယ်။ တချို့ရက်တွေမှာ တစ်ရက်ကို ၂ နာရီကနေ ၄ နာရီ ခြားခြားပြီး နည်းနည်းချင်း ၆ နပ်စာ ခွဲစားလေ့ရှိပါတယ်။ ဒီနည်းဟာ metabolism ကို အကောင်းဆုံးနှုန်းနဲ့ လည်ပတ်အောင် ထောက်ပံ့ရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ် အားနည်းသွားတာ ၊ ဆာလောင်လာတာကိုလည်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ နောက်ပြီး Body Fat လည်း အလွန်နည်းစေတဲ့နည်းပါ။

ရော်နယ်ဒိုရဲ့ အဆီကျစေတဲ့ လျှို့ဝှက်ချက်ထဲမှာ ရေကလည်း အဓိကအမယ်ထဲမှာ ပါပါတယ်။ အကြိုက်ဆုံးဟင်းက Bacalhau à Brás လို့ ခေါ်တဲ့ ပေါ်တူဂီနာမည်ကျော်ဟင်းလျာဖြစ်ပြီး ဆားသိပ်ကော့ဒ်ငါး ၊ အာလူး ၊ ကြက်သွန် ၊ သံလွင်ဆီနဲ့ ကြက်ဥမကျက်တကျက်ပြုတ်တွေ ပါဝင်ပါတယ်။ မနက်ဘက်ဆို ချိစ် ၊ ဝက်ပေါင်ခြောက် ၊ အဆီနည်း ဒိန်ချဉ် ၊ အသီးအနှံနဲ့ ထောပတ်သီး Toast လုပ်ပြီး စားပါတယ်။

သောက်စရာအနေနဲ့ သစ်သီးဖျော်ရည်နဲ့ ကော်ဖီတစ်ခုခု သောက်ပါတယ်။ ရော်နယ်ဒိုကတော့ သစ်တော်သီး ၊ ပန်းသီး ၊ နာနတ်သီး ဖျော်ရည်တွေကြိုက်သလို ကော်ဖီလည်း ကြိုက်တယ်လို့ ဆိုပါတယ်။ Snack အနေနဲ့ ဆာဒင်းငါးကို ပေါင်မုန့်မှာ သုတ်စားပါတယ်။ နေ့လည်ဘက်မှာ ထရိန်နင်ဆင်းလို့ ကောင်းဖို့ Sports Drink တစ်ခုခုသောက်ပါတယ်။ မောပန်းတာ သက်သာဖို့ ဗိုက်တာမင် ဘီ 12 နဲ့ ရေဓါတ်တွေ အပြည့်ပါတဲ့ Electrolytes တွေ သောက်ပါတယ်။ တူနာငါး နဲ့ ကြက်ဥအကျက်ပြုတ်တွေ စားပါတယ်။

What Cristiano Ronaldo eats

Photo: Business Insider

ငါးကြိုက်တဲ့ ရော်နယ်ဒိုဟာညစာမှာ ပင်လယ်ငါးတွေ ပါအောင် စားပါတယ်။ Steak နဲ့ Salad အသုတ်တွေလည်း စားပါတယ်။ အချိုပွဲကိုတော့ ချောကလက်တစ်ခုခုကို စားရတာလည်း သဘောကျတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုရဲ့ Diet Plan မှာ အဓိကပါတဲ့ အစားအသောက်တွေက Whole Grains လို့ ခေါ်တဲ့ သဘာဝကောက်ပဲသီးနှံတွေ ၊ လတ်ဆတ်တဲ့ သစ်သီးတွေ ၊ အဆီနည်းတဲ့ ပရိုတိန်းတွေ ဖြစ်ပြီး ပရိုတိန်း Shake နဲ့ ကြွက်သားဒဏ်ပြန်သက်သာ ကောင်းမွန်လာစေမယ့် အဆစ်အကြော ဖြည့်စွက်စာတွေ ပါပါတယ်။ သူ မစားဖြစ်အောင် ရှောင်တာက ကာဗွန်နိတ်အချိုရည်တွေ ၊ အနီရောင်အသားတွေ နဲ့ ရေခဲရိုက်အစားအစာတွေပဲလို့ ဆိုပါတယ်။