ခရစ္စတီယာနို ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ပြီးနောက်ပိုင်း ယူနိုက်တက်အသင်းဖော်သစ်တွေကို ရိုးရှင်းတဲ့ သတင်းစကား ပေးခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ကိစ္စကို နောက်ဆုတ်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပြီးခဲ့တဲ့အပတ်မှာ အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ကစားသမားဘဝအစောပိုင်းတုန်းက အိုးထရက်ဖို့ဒ်မှာ အောင်မြင်တဲ့ ၆ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိအောင် သွင်းဂိုး ၁၀၀ ကျော်သွင်းယူပေးပြီး အသင်းကို ကူညီပေးခဲ့သူဖြစ်ပါတယ်။

Cristiano Ronaldo

Photo: theathletic

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်ဦးချင်းနဲ့ အသင်းလိုက် အောင်မြင်မှုတွေ ပိုမိုရရှိအောင် ပြောင်းရွှေ့သွားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ ဘလွန်းဒီအော် ၅ ဆုအထိ ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ် ပြန်လည်ကစားပေးချိန်မှာလည်း ဆုဖလားတွေ ထပ်မံရရှိချင်နေသေးတာဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ၎င်းရဲ့ အပြောင်းအရွှေ့ အတည်ပြုခြင်းခံခဲ့ရပြီးနောက် ယူနိုက်တက်အသင်းကစားသမားတွေကို ဆက်သွယ်ခဲ့ပြီး ‘ငါတို့တွေ ပရီးမီးယားလိဂ်ဖလားကို ရဖို့ လိုတယ်’လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိရာသီမှာတော့ အဖွင့်ပွဲစဉ် ၃ ပွဲမှာ ရမှတ် ၇ မှတ် ရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Featured Photo: dailyadvent