တစ်ကမ္ဘာလုံးကို ကပ်ဆိုက်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်ဆေးပါ။ လူအချင်းချင်း ခပ်ခွာခွာနေပါ။ Mask တပ်ပါလို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ညွှန်ကြားထားပါတယ်။ တချို့လည်း Face Mask တပ်ထားပြီး COVID-19 ကာကွယ်မှုကို အားနည်းစေမယ့် အချက်တွေ လုပ်နေမိတတ်လို့ Mask တပ်ချိန်မှာ မလုပ်သင့်တဲ့အချက်တချို့ကို မျှဝေလိုက်ပါတယ်။
(၁) Mask ကို စနစ်တကျသုံးစွဲ/စွန့်ပစ်မှု မလုပ်ခြင်း

Photo: Freepik
Mask စပြီး တပ်ချိန်ကနေ ချွတ်ထားချိန်အထိ တစ်လျှောက်လုံးဟာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ဖြစ်ရမှာပါ။ ကိုရိုနာဗိုင်းရပ်စ်ဟာ Mask ပေါ်မှာ ၇ ရက်အထိ နေနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်က Mask တစ်ခုကို ဘယ်လောက် ကြာအောင် ဝတ်နိုင်သလဲဆိုတာပါပဲ။ Mask တစ်ခုတည်းကိုပဲ တစ်နေကုန် ဝတ်ဆင်တာမျိုး မလုပ်သင့်ပါဘူး။ လေ့လာမှုတွေအရ Face Mask ကို ၄ နာရီတစ်ကြိမ် အသစ်လဲပေးသင့်တယ်လို့ ဆိုပါတယ်။ မျက်နှာပေါ်က ချွတ်ပြီးတာနဲ့ တွေ့ကရာ နေရာမှာ မထားဘဲ အမှိုက်ပုံးမှာ စနစ်တကျစွန့်ပစ်ရမှာ ဖြစ်ပါတယ်။ တခြားမျက်နှာပြင်တွေကို ထိတွေ့မှု မလုပ်ခင်မှာ လက်တွေကိုလည်း ဆေးကြောထားဖို့ လိုပါတယ်။
(၂) Mask ကို ညစ်ပတ်တဲ့လက်နဲ့ ထိခြင်း

Photo: Freepik
နောက်တစ်ခု သတိထားရမှာက လက်မဆေးရသေးဘဲနဲ့ Face Mask ကို သွားမထိမိစေဖို့ ဖြစ်ပါတယ်။ လက်ဆိုတာ နေရာတကာ ထိတွေ့ထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်လို့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကပ်ငြိဖို့ သိပ်လွယ်ပါတယ်။ Mask ချွတ်ပြီးတာနဲ့လည်း လက်ကို ချက်ချင်း ဆေးကြောပေးသင့်ပါတယ်။
(၃) ပါးစပ်နှာခေါင်း မလုံခြင်း

Photo: Freepik
Mask တပ်တော့မယ်ဆိုရင် WHO ရဲ့ ညွှန်ကြားချက်နဲ့အညီ နှာခေါင်းနဲ့ပါးစပ်တွေ သေချာလုံအောင် ဂရုတစိုက်တပ်ဆင်ဖို့ မမေ့ပါနဲ့။ Mask နဲ့ မျက်နှာအကြား ဟာနေရင် ရောဂါပိုး ကူးစက်ဖို့အလားအလာများပါတယ်။ တစ်ဆက်တည်း ပြောစရာ ရှိတာက Mask ကို မေးစေ့မှာ ချိတ်ပြီး ဆေးလိပ်သောက်တာ ၊ ကွမ်းစားတာမျိုးကလည်း ရှောင်ကြဉ်ရမယ်ဆိုတာပါပဲ။
(၄) Mask ကို ယုံကြည်လွန်းခြင်း

Photo: Freepik
Face Mask တွေဟာ ရာနှုန်းပြည့် အကာအကွယ်ပေးနိုင်မယ်လို့ မယုံကြည်သင့်ပါဘူး။ Mask တပ်ထားရင် ကူးစက်နိုင်ခြေ နည်းမယ်ဆိုတာပဲ ပြောနိုင်ပါတယ်။ Mask တပ်ထားပေမယ့် အပြင်လူတွေနဲ့ ထိတွေ့ပြောဆိုတဲ့အခါ ကျန်းမာရေးသတိနဲ့ နေထိုင်ပါ။ Social Distancing ကို လိုက်နာပါ။ လက်တွေ စနစ်တကျဆေးကြောပါ။
(၅) အရည်စိုနေတဲ့ Mask သုံးခြင်း

Photo: Freepik
Mask တစ်ခုဟာ စိုစွတ်သွားရင် သုံးလို့ မရတော့ပါဘူး။ အရည်တွေနဲ့ စိုစွတ်နေတဲ့ Mask ဟာ အမြန်အသစ်လဲပေးဖို့ လိုပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Mask ချွတ်တဲ့အခါမှာ သတိနဲ့ ချွတ်ပါ။ နောက်တစ်ခုက Mask တိုင်းဟာ ရောဂါပိုးကာကွယ်ရာမှာ ထိရောက်မှုခြင်း တူတာ မဟုတ်ပါဘူး။ အဝတ် Mask တွေထက် N95 Mask တွေက ဗိုင်းရပ်စ်ကူးစက်မှုကို ပိုလျှော့ချနိုင်ပါတယ်။
