ကြင်နာနူးညံ့သော အပြုအမူများ၊ ရိုမန့်တစ်ဆန်သော အပြုအမူများသည် သမီးရည်းစားဆက်ဆံရေတစ်ခုမှာ ဘာ့ကြောင့်လိုအပ်သလဲ။
များသောအားဖြင့် ချစ်သူသက်တမ်းအစမှာ ရိုမန့်တစ်ဆန်မှုသည် အမြင့်ဆုံးဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ကြင်နာနူးညံ့သောအပြုအမူများသည် တဖြည်းဖြည်းလျော့နည်းလာတတ်ပါတယ်။ ထိုကဲ့သို့ ရိုမန့်တစ်ဆန်မှုများ လျော့နည်းလာသည်နှင့်တပြိုင်နက် သင့်ကောင်မလေးသည် မလုံခြုံမှုများ ခံစားလာရပါတော့တယ်။
သင့်ကောင်မလေးကို “သူက ငါ့ကိုများ မချစ်တော့ဘူးလား” ဆိုတဲ့ စိတ်မလုံခြုံမှုမျိုး မခံစားစေချင်ဘူးဆိုရင်တော့ အခုလိုနည်းလမ်းများနဲ့ ရိုမန့်တစ်ဆန်နိုင်ပါတယ်။ ရိုမန့်တစ်မဆန်တတ်တဲ့ ယောကျာ်းများအတွက်လည်း အသုံးတည့်စေမယ့် နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။
မက်ဆေ့ချ် ပို့ပါ

သင် ပို့လိုက်တဲ့မက်ဆေ့ချ်လေးတစ်စောင်သည် သင့်ကောင်မလေးကို ဘယ်လောက်ထိတောင် ပျော်ရွှင်စေသလဲဆိုတာ သင် သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ(မ)သည် စိတ်ညစ်နေချိန်မှာ သင့်ရဲ့မက်ဆေ့ချ် ဝင်လာပါက စိတ်ပျော်ရွှင်သွားမှာပဲဖြစ်ပါတယ်။
အမှတ်တရနေ့ရက်များကို သတိတရရှိပါ

အလုပ်များတဲ့နေ့တွေ အလုပ်ဖိစီးမှုများတဲ့နေ့တွေမှာ အမှတ်တရနေ့တွေကို မေ့သွားတတ်ပါတယ်။ ထိုကဲ့သို့ မေ့သွားပါက သင့်ကောင်မလေးနဲ့ ကတောက်ကဆဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဖုန်းရဲ့အကူအညီရယူပြီး အမှတ်တရနေ့ရက်များကို သေချာမှတ်ထားကာ Alarm လေး ပေးထားလိုက်ပါ။ ဒါဆိုရင် သင် ဘယ်လောက်ပဲ အလုပ်များများ မှတ်မိနေမှာပဲဖြစ်ပါတယ်။
ညစာ ထွက်စားပါ
ချစ်သူရည်းစားတွေပဲဖြစ်ဖြစ် လက်ထပ်ပြီးသား စုံတွဲတွေပဲဖြစ်ဖြစ် ညစာ ထွက်စားပြီး ရိုမန့်တစ်ဆန်တဲ့ ဒင်နာတစ်ခု ဖန်တီးနိုင်ပါတယ်။ ဒီလိုမျိုး စပရိုက်လုပ်ခြင်းအားဖြင့် သင့်ကောင်မလေးလည်း သင့်ရဲ့အချစ်တွေကို ခံစားရမှာဖြစ်ပါတယ်။
သူ(မ)အတွက် အချိန်ပေးပါ
အလုပ်တွေ များလွန်းလို့ သူ(မ)အတွက် အချိန်မပေးနိုင်ဖြစ်နေပါသလား။ သင့်ရဲ့ဘော်ဒါတွေနဲ့ အချိန်ကုန်ဆုံးခြင်းကို အနည်းငယ်လျော့ချကာ သူ(မ)အတွက်လည်း အချိန်ပြန်ပေးဖို့လိုအပ်ပါတယ်။ သင်သည် ဘယ်လောက်ပဲအလုပ်များများ သူ(မ)ကို ပထမဦးစားပေးနေရာမှာထားတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားရအောင် ပြုလုပ်ပါ။
အချစ်သဝဏ်လွှာလေး ရေးပါ
သူ(မ)ကို ပိုးပန်းတဲ့အဆင့်ကျော်လွန်ခဲ့ပြီး ချစ်သူရည်းစားတောင် ဖြစ်နေပြီပဲ ဘာကိစ္စရေးနေရဦးမှာလဲလို့ တွေးထင်မိပါလိမ့်မယ်။ ဒါပေမဲ့ သင့်လက်ရေးနဲ့ ရေးထားတဲ့ ချစ်ခြင်းမေတ္တာဖွဲ့စာတစ်စောင်သည် သူ(မ)အတွက် အင်မတန်အဖိုးတန်ပါတယ်။ မိန်းကလေးတိုင်းလိုချင်ကြတဲ့အရာတစ်ခုဖြစ်ပါတယ်။ တချိန်ချိန်မှာ ပြန်လည်ဖတ်ရှုတဲ့အခါ အမှတ်တရကောင်းများစွာကို ပေးစွမ်းနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့နည်းလမ်းများသည် မရိုတတ်တဲ့ယောကျာ်းများအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူတို့မှာလည်း ကိုယ်ပိုင်နည်းလမ်းကောင်းလေးများရှိရင် ဝေမျှပေးခဲ့ပါဦး။
Source: Lovepanky.com
Featured Image Source: Unsplash.com



