သင့်ရဲ့အပြုံးက သင့်ကို ဆွဲဆောင်မှုတိုးအောင် ကူညီပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့အပြုံးက သူ့ကို ပထမဆုံးသတိထားမိတဲ့အရာဖြစ်တယ်လို့ ၉၄ ရာခိုင်နှုန်းသောလူသားများက အခိုင်အမာပြောဆိုထားကြပါတယ်။
လူတိုင်းက ပြီးပြည့်စုံကာ လှပတဲ့ ပြုံးအလှပိုင်ရှင်များ ဖြစ်ချင်ကြပေမယ့် ကော်ဖီသောက်ခြင်း၊ အချိုရည်သောက်သုံးခြင်း အလေ့အကျင့်ကိုတော့ မဖျောက်ဖျက်နိုင်ကြပါဘူး။ တကယ်လို့ သင်က သွားဖြူချင်တယ်ဆိုရင်တော့ သွားဝါစေတဲ့ အလေ့အကျင့်ဆိုးများကို မဖြစ်မနေ ဖျောက်ဖျက်သင့်ပါတယ်။
အရောင်ရင့်သော ဘယ်ရီသီးများ စားသုံးခြင်း
အရောင်အသွေးစုံလင်ပြီး လှပတဲ့ ဘယ်ရီသီးများက ကျန်းမာရေးနဲ့ ညီညွှတ်ပေမယ့် သွားများကိုတော့ အရောင်စွန်းထင်းစေပါတယ်။ သူ့သဘာဝသစ်သီးကို ဒီအတိုင်းစားသုံးခြင်းကလည်း သွားများစွန်းထင်းစေသလို ဘယ်ရီသီးယိုများကလည်း သွားအလှကို ပျက်စီးစေပါတယ်။
ခြွင်းချက်တစ်ခုအနေနဲ့ကတော့ စတော်ဘယ်ရီသီးမှာပါဝင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းက သွားများကို ဖြူဖွေးတောက်ပစေတာကြောင့် စိတ်ချလက်ချစားသုံးနိုင်ပါတယ်။
ကော်ဖီပူပူသောက်သုံးခြင်း
ကော်ဖီပူပူ (သို့) လက်ဖက်ရည်ပူပူနှင့် အခြားသကြားဓာတ်လွန်ကဲသော အချိုရည်များသည် သွားကြွေလွှာကို ပျက်စီးစေပါတယ်။ ဒါပေမဲ့ ရေခဲတုံးလေးထည့်သောက်ပြီးတော့ ကော်ဖီအေးအဖြစ် သောက်သုံးမယ်ဆိုရင်တော့ သွားများအရောင်စွန်းထင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီအေး၊ လက်ဖက်ရည်အေးက စတော်ဘယ်ရီသီးလိုပဲ အစွန်းချွတ် အော်ဂဲနစ်ဒြပ်ပေါင်းပါဝင်တဲ့အတွက်ကြောင့် တံတွေးထွက်နှုန်းကို တိုးမြှင့်ပေးပြီး သွားပိုးစားခြင်း၊ သွားအရောင် စွန်းထင်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ရေကူးခြင်း
သင်က တစ်ပတ်လျှင် ၆ နာရီခန့် ရေကူးတတ်သူတစ်ယောက်ဆိုရင်တော့ သင့်သွားများက ဝါကျင်ကျင်အရောင် (သို့) ညိုပုတ်ပုတ်အရောင် ဖြစ်သွားတတ်ပါတယ်။ ရေကူးကန်ထဲမှာ ထည့်ထားတဲ့ ကလိုရင်းက ရေထဲရှိ ဘက်တီးရီးယားများကို သေစေနိုင်ပေမယ့် ရေကူးနေစဉ်မှာ ပါးစပ်ထဲ ဝင်သွားမယ်ဆိုရင်တော့ သွားကြွေလွှာများကို ပျက်စီးစေပြီး သွားများ ဖြူဝင်းလာမှာမဟုတ်တော့ပါဘူး။
ခံတွင်းသန့်ဆေးရည် အသုံးပြုခြင်း
ခံတွင်းသန့်ဆေးရည်သည် သင့်ရဲ့ခံတွင်းကို အနံ့အသက်ကောင်းမွန်ဖို့ရန်အတွက် ကူညီပေးတဲ့ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိုဆေးရည်များကို မဝယ်ခင်မှာ သူ့ရဲ့ပါဝင်ပစ္စည်းများကို အရင်လေ့လာထားသင့်ပါတယ်။ အချို့ပါဝင်ပစ္စည်းများက သင် စားသုံးလိုက်တဲ့ အရောင်စွန်းထင်းစေသော အစားအစာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သင့်သွားက ဝါကျင်ကျင်ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ ခံတွင်းသန့်ဆေးရည် မသုံးမနေရဆိုရင်တော့ Chlorhexidine (သို့) Eucalyptol စတဲ့ ပါဝင်ပစ္စည်းများ မပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
သွားတိုက်တဲ့အခါ အကြမ်းပတမ်းတိုက်ခြင်း
မာကြောသော သွားတိုက်တံများ အသုံးပြုခြင်း (သို့) သွားတိုက်တဲ့အခါ အကြမ်းပတမ်း သွားတိုက်ခြင်းက သင့်သွားများကို ပုလဲလုံးလေးလို ဖြူဖွေးလာအောင် မကူညီပေးနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအဖြစ် သွားကြွေလွှာများ ပျက်စီးသွားပြီး သွားပိုးစားခြင်းနှင့် သွားများ အရောင်စွန်းထင်းခြင်းကို ပိုမိုအားပေးရာရောက်ပါတယ်။ ဒါ့ကြောင့် သွားဆရာဝန်များက နူးညံ့တဲ့သွားပွတ်တံမျိုး ရွေးချယ်ဖို့ရန်နှင့် သွားတိုက်တဲ့အခါ အားနဲ့မတိုက်ဘဲ ဖြည်းညှင်းစွာ တိုက်ပေးရန် အကြံပြုထားပါတယ်။
Source: Brightside.me