ဘရာဇီးနဲ့ PSG ကစားသမား ဒန်နီ အဲလ်ဗက်စ်က အသင်းကနေ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဇွန် ၂၃ ရက်နေ့က အတည်ပြုပြောကြားသွားခဲ့ပါတယ်။

အဆိုပါကစားသမားဟာ ပြင်သစ်ကလပ် PSG အသင်းမှာ ၂ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အခုလိုကြေညာလိုက်တာပါ။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဒန်နီ အဲလ်ဗက်စ်ဟာ စပိန်ကလပ်တွေဖြစ်တဲ့ ဆီဗီလာ၊ဘာစီလိုနာနဲ့ အီတလီကလပ် ဂျူဗီတပ်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ PSG ကို မပြောင်းရွှေ့မီ အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ သတင်းထွက်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။

PSG အသင်းတာဝန်ရှိသူတွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း အဆိုပါကစားသမားက ပြောခဲ့ပါတယ်။ ‘PSG အသင်းမှာ ကစားခဲ့တာ နှနှစ် ရှိသွားပါပြီ။ အတွေ့အကြုံတွေ အောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်။ အသင်းရဲ့ဝန်ထမ်းတွေနဲ့ အသင်းမှာရှိစဉ်ကာလတစ်လျှောက်ရခဲ့တဲ့ လေးစားမှုတွေ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်’ လို့ အဆိုပါကစားသမားရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Source: AS English

ဒန်နီ အဲလ်ဗက်စ် PSG အသင်းအတွက် ၇၃ ပွဲထိကစားပေးထားပြီး ၈ ဂိုးထိ သွင်းယူထားပါတယ်။

အသင်းနဲ့အတူ ပြင်သစ်အမှတ်ပေးဖလား နှစ်လုံး၊ ပြင်သစ်ဖလား ၁ လုံးကို ရရှိအောင်စွမ်းဆောင်ပေးထားပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ အမျှော်မှန်းထားပေမဲ့လည်း PSG အသင်းဟာ ကွားတားအဆင့်မှာပဲ ပြုတ်ကျန်နေခဲ့ပါတယ်။

ဒန်နီ အဲလ်ဗက်စ်ဟာ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၈ နှစ်တာကာလအတွင်း စပိန်အမှတ်ပေးဖလား ၆ ကြိမ်တိတိ ရရှိခဲ့ပါတယ်။

Source: Dream Team

ဒန်နီ အဲလ်ဗက်စ်ဟာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားနှစ်ကြိမ် တိတိကစားဖူးတဲ့ သူတယောက်ပါ။ လက်ရှိမှာလည်း Copa America 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဇွန်လ ၂၃ ရက်နေ့က Peru နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တဂိုးသွင်းယူထားပါတယ်။

Source: Business Recorder

အနာဂတ်မှာ ဘယ်အသင်းကို ပြောင်းရွှေ့ကစားမလဲဆိုတာတော့ ပြောဆိုထားခြင်းမရှိသေးပါဘူး။