လိုက်ပ်ဇစ်နောက်ခံကစားသမား အူပါမီကာနိုက မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို လွင့်စင်စေခဲ့ပြီး အချိန်တိုင်း လိုက်ပ်ဇစ်အတွက်ပဲ အပြည့်အ၀အာရုံစိုက်ထားဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဟယ်ရီမက်ဂွိုင်းယားရဲ့ ရွေ့လျားနိုင်စွမ်းကင်းမဲ့မှုအတွက် လျင်မြန်တဲ့ဗဟိုခံစစ်ကစားသမားတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပြီး အူပါမီကာနိုကို ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo: strettynews

အသက် ၂၁ နှစ်အရွယ်နောက်ခံကစားသမားဟာ ဥရောပဘောလုံးလောကမှာ အကောင်းဆုံးလူငယ်ဗဟိုခံစစ်ကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်က အက်သလက်တီမက်ဒရစ်နဲ့ပွဲစဉ်က ၎င်းရဲ့စွမ်းဆောင်ရည်က အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

အူပါမီကာနိုဟာ ပြီးခဲ့တဲ့ဇူလိုင်လက လိုက်ပ်ဇစ်အသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပေမယ့်လည်း ပြင်သစ်နောက်ခံကစားသမားရဲ့ ကိုယ်စားလှယ်တွေဟာ အသင်းပြောင်းရွှေ့ဖို့အတွက် ပြိုင်ဘက်အသင်းတွေနဲ့ ပြောဆိုဆွေးနွေးခွင့်ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုအပတ် Telefoot ရဲ့ Culture Foot အစီအစဉ်နဲ့ တီဗီအင်တာဗျူးမှာ အူပါမီကာနိုက ဥရောပထိပ်သီးအသင်းတွေကနေ စိတ်၀င်စားမှုအခိုင်အမာရရှိထားပေမယ့်လည်း လိုက်ပ်ဇစ်အသင်းအတွက် အချိန်ကာလတစ်ခုအထိကစားပေးမယ်ဆိုတာကို ကတိက၀တ်ပြုခဲ့တာဖြစ်ပါတယ်။

Photo: Metro

“အခုအချိန်မှာ ကျွန်တော် လိုက်ပ်ဇစ်နဲ့အတူရှိနေပေမယ့် ကျွန်တော် တခြားအသင်းတွေနဲ့ ဆွေးနွေးနိုင်တယ်ဆိုတာက အမှန်ပါပဲ”

“ကျွန်တော် ပြောခဲ့သလိုပဲ။ အခုကတော့ ကျွန်တော် လိုက်ပ်ဇစ်အပေါ်မှာပဲ အာရုံစိုက်ထားတယ်။ ကျွန်တော် လိုက်ပ်ဇစ်အတွက် ဆက်ပြီး ကစားပေးသွားမှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ တွေ့ရမှာပေါ့။ ဘောလုံးရာသီမှာ ဘာတွေဖြစ်ပျက်လာနိုင်မလဲဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။