၁၈ နှစ်ကြာ ရိုးမားအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဒီရော့စီကတော့ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းမှ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ အသက် (၃၅) နှစ်အရွယ် ကစားသမားဟောင်းကြီး ဒီရော့စီဟာ (၂၀၀၁) ခုနှစ်ကတည်းက ရိုးမားအသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ၎င်းရဲ့ ဘောလုံးသမားဘဝကို ရိုးမားအသင်းနဲ့ပဲ စတင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ ထူးထူးခြားခြားပဲ ဒီရော့စီဟာ ၂၀၀၁ ခုနှစ်မှ လက်ရှိ ၂၀၁၉ ခုနှစ်အထိ (၁၈) တိုင် အသင်းပြောင်းရွေ့ ကစားခြင်းမရှိဘဲ ရိုးမားအသင်းမှာပဲ သစ္စာရှိရှိလက်တွဲခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Source : ANSA.it

ရိုးမားအသင်းအတွက် (၁၈) နှစ်တာကာလအတွင်း ပြိုင်ပွဲပေါင်း ၆၀၀ ကျော်ကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၆၃) ဂိုးသွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားတဲ့ အောင်မြင်မှုတွေအနေနဲ့ကတော့ ရိုးမားအသင်းနှင့်အတူ ကိုပါအီတလီယာဖလား (၂) ကြိမ် ၊ အီတလီစူပါဖလား (၁) ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အောင်မြင်မှုများစွာနဲ့ အသင်းအပေါ် တာဝန်ကျေခဲ့တဲ့ သူရဲကောင်းတစ်ဦးဖြစ်တာကြောင့် အသင်းဖော်တွေရော ရိုးမားအသင်းအမာခံပရိသတ်တွေအားလုံးပါ စိတ်မကောင်းဖြစ်နေကြရတာဖြစ်ပါတယ်။

Source : Sportsnet

ရိုးမားအသင်းဥက္ကဋ္ဌ ဂျိမ်းစ်ပယ်လော့တာကလည်း ယခုနှစ်ဘောလုံးရာသီကုန်မှာ ကစားသမားဒီရော့စီအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်းကို အတည်ပြုပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ ဒီရော့စီကတော့ ပါးမားနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်ဟာ သူ့အတွက် ရိုးမားအသင်းမှာ ကန်ရတော့မယ့် နောက်ဆုံးပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရင်ထဲမှာတော့ ဒီရော့စီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဆိုတာ အမြဲအမှတ်ရနေကြဦးမှာပါ။ ၎င်းဟာ ရိုးမားအသင်းက ထွက်ခွာမှာဖြစ်ပေမယ့် ကစားသမားဘဝကနေတော့ အနားယူမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ Good Luck ပါ သူရဲကောင်းကြီးဒီရော့စီ။

Source : FC Inter 1908