Dental Dam ဆိုတာ ပါးစပ်နဲ့လိင်ဆက်ဆံချိန်မှာ အသုံးပြုတဲ့ ကွန်ဒုံးကဲ့သို့ ကြားခံအကာအကွယ်တစ်ခုပါ။ Oral Sex (ပါးစပ်နဲ့လိင်ဆက်ဆံခြင်း) လုပ်ခြင်းကနေ ကူးစက်နိုင်တဲ့ လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့အရာ ဖြစ်ပါတယ်။ အဓိကအားဖြင့် သင့်ရဲ့ပါးစပ်နဲ့ သင့်လက်တွဲဖော် ပါတနာရဲ့ မိန်းမကိုယ် သို့မဟုတ် စအိုကြား တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ဖို့ ကြားခံအတားအဆီး တစ်ခုအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ Dental Dam တွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး Latex သို့မဟုတ် Polyurethane နဲ့ အဓိက ပြုလုပ်ထားပါတယ်။ ကာလအရောင်အသွေး မျိုးစုံရှိပြီး အချို့ဆိုရင် အရသာထည့်သွင်းထားတာမျိုး ရှိပါတယ်။ Dental Dam တွေကို မိန်းမကိုယ် သို့မဟုတ် စအိုတို့ကို ပါးစပ်နဲ့ ထိတွေ့ဆက်ဆံခြင်းတွေမှာ အသုံးပြုနိုင်ပါတယ်။
Photo :The Verge
အကာအကွယ်မဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းဟာ လိင်အင်္ဂါရေယုန် ၊ ဂနို ၊ ဆစ်ဖလစ်နဲ့ HPV ကဲ့သို့ လိင်မှတဆင့်ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေ (STIs) ကို ကူးစက်စေနိုင်တာကြောင့် Oral Sex လုပ်တဲ့အခါ Dental Dam တွေကို အသုံးပြုခြင်းက ရောဂါပိုးကူးစက်နိုင်ခြေကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ လူ သို့မဟုတ် တိရိစ္ဆာန်တွေရဲ့ မစင်ကနေတဆင့် ကူးစက်နိုင်တဲ့ E.coli ဘက်တီးရီးယားပိုး ကူးစက်နိုင်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
Dental Dam တွေဟာ သင့်ရဲ့ ပါးစပ် ၊ လျှာ သို့မဟုတ် နှုတ်ခမ်းစတဲ့ အစိတ်အပိုင်းတွေကို STIs သယ်ဆောင်နိုင်တဲ့ မိန်းမကိုယ်နဲ့ စအိုတို့ကထွက်ရှိတဲ့ ခန္ဓာကိုယ်အရည်တွေနဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် Dental Dam တွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုပါက လိင်မှတဆင့်ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေ (STIs) နဲ့ အခြားသော ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Dental Dam ကို မိန်းမကိုယ် သို့မဟုတ် စအိုတို့ပေါ် သေချာဖုံးအုပ်ပြီး Oral Sex ပြုလုပ်နိုင်ပါတယ်။
Dental Dam တွေကို ဆေးဆိုင်နဲ့ ကျန်းမာရေးစင်တာတွေမှာ အလွယ်တကူ ဝယ်လို့ရနိုင်ပြီး အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် Dental Dam မရှိပါက ကွန်ဒုံးကို သေချာဖြတ်တောက်ပြီး Dental Dam အစားထိုး အသုံးပြုနိုင်ပါတယ်။
ကွန်ဒုံးကို Dental Dam အစားထိုး အသုံးပြုနိုင်မယ့် နည်းအဆင့်ဆင့်ကို ဆက်ပြီး ပြောပြပေးချင်ပါတယ်။
Photo : Healthline
အရင်ဆုံး ကွန်ဒုံးကို အိတ်ထဲကသေချာ ဂရုတစိုက် ဖောက်လိုက်ပါ။
ထို့နောက် မူလပါကင်ထဲမှာပါအတိုင်း လိပ်ထားတဲ့ ကွန်ဒုံးကို ဖြေချလိုက်ပါ။
ကွန်ဒုံးရဲ့ ထိပ်ဖျားနဲ့ အောက်ခြေ Ring ပါတဲ့အပိုင်း ၂ ခုလုံးကို ဖြတ်လိုက်ပါ။
ထို့နောက် အလယ်ကနေ ထက်ဝက်ပိုင်းချ လိုက်ရပါမယ်။
ဒါဆိုရင်တော့ Dental Dam ကဲ့သို့ အသုံးပြုလို့ ရပါပြီ။
Dental Dam တွေဟာ ကွန်ဒုံးကဲ့သို့ပင် တစ်ခုကို တစ်ကြိမ်သာလျှင် အသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုပြီးချိန်မှာ အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ရောဂါပိုးမွှား ကင်စင်ပြီး ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိဖို့ ပါးစပ်နဲ့လိင်ဆက်ဆံချိန်တိုင်းမှာ Dental Dam တွေကို သေချာပေါက် အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
Featured Photo : Xtra Magazine