ဒီကမ္ဘာကြီးပေါ်မှာဖြစ်စေ ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်စေ၊ ရှင်သန်နေထိုင်တဲ့ နေရာဒေသ နဲ့ ပုံစံခြင်းသာ ကွာရင်ကွာနိုင်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ကျင်လည်နေတဲ့ လူတိုင်း အနည်းနဲ့အများတော့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲနဲ့ အဆင်မပြေမှုတွေကို ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေက စိတ်ကျရောဂါ (Depression) ဖြစ်နိုင်တဲ့ အလားအလာ အများဆုံး အကြောင်းအရာတွေပါပဲ။ ဒါ့အပြင် မိသားစု ပြဿနာများ၊ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း၊ ဘဝမှာ မထင်မှတ်ထားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ နာကျင်မှုတွေကတစ်ဆင့် စိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ Depression ကို လျော့ကျအောင်၊ စိတ်ဖိစီးမှုတွေကို ပြေလျော့အောင် မလုပ်ဘူးဆိုလျှင် တကယ်ကို ဆိုးဝါးတဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ကွီး တို့ ကြုံတွေ့ရနိုင်ပါတယ်။

d

Photo : Red Oak Recover

ထိုကဲ့သို့ Depression ကြောင့် ဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရပါက ထိခိုက်ခံစားရသူနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများအတွက်ပါထိခိုက်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျပြီး Depression ဝင်နေပြီလို့ ကိုယ့်ကိုယ်ကို ခံစားနေရပြီဆိုရင် လိုက်နာဆောင်ရွက်သင့်တဲ့ အချက်လေးတွေကို ကွီး တို့အတွက် ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

Depression ကွီး

Photo : ACE Fitness

စိတ်ကျရောဂါဆိုင်ရာ သိပ္ပံနည်းကျ လေ့လာမှုများစွာတွင် လေ့ကျင့်ခန်းလုပ်ခြင်းက ဆေးဝါးကဲ့သို့ အပျော့စားမှ အလယ်အလတ် စိတ်ကျရောဂါကို သက်သာစေရန် အသုံးဝင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ စိတ်ဓာတ်ကျနေချိန်၊ စိတ်ဖိစီးနေချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့က အတော်လေးကို စိန်ခေါ်မှုဖြစ်နိုင်တာမို့ သေးသေးလေးကနေစပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာတစ်ခုကို လုပ်တာက အကောင်းဆုံးပါပဲ။ နေ့တိုင်း ခဏလမ်းလျှောက်တာ၊ အိမ်မှာ ဆယ်မိနစ်လောက် ကိုယ်လက်လှုပ်ရှားလုပ်တာ၊ ဒါမှမဟုတ် တေးဂီတနဲ့ ကခုန်တာတွေက စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ သင့်တော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေပါ။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း တကယ်ကို အထောက်အကူပြုတာကြောင့် နေ့စဉ်လုပ်သွားပေးဖို့ တိုက်တွန်းချင်ပါတယ်။

မကောင်းတဲ့ အတွေးတွေကို စိန်ခေါ်ပါ

Depression ကွီး

Photo : Inspire Tribe

တစ်စုံတစ်ဦးဟာ Depression ဝင်တဲ့အခါမှာ အဆိုးမြင်စိတ်တွေ ဝင်လာတတ်ပါတယ်။ စိတ်ဓာတ်ကျနေသူတစ်ယောက်ရဲ့ စိတ်မှာ အဖြစ်များတဲ့ အဆိုးမြင်စိတ်တွေ၊ အပျက်သဘောဆောင်တဲ့ အတွေးတွေက အချိန်ကြာလာတာနဲ့အမျှ စိတ်ကိုလွှမ်းမိုးလာပြီး Depression ကို အားကောင်းလာစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသော အဖြေကတော့ အပြုသဘောဆောင်သော တွေးခေါ်မှုဖြင့် အဆိုးမြင်စိတ်များကို စိန်ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ “ငါမလုပ်နိုင်ဘူး” “ငါအသုံးမကျဘူး” စတဲ့ အတွေးတွေနေရာမှာ “ငါလည်းလုပ်နိုင်စွမ်းရှိတယ်” “ငါ ဘာလို့မလုပ်နိုင်ရမှာလဲ” စတဲ့ ကောင်းမွန်တဲ့ အတွေးတွေနဲ့ စိန်ခေါ်ပြီး မကောင်းမြင်စိတ်ကို အနိုင်ယူလိုက်ပါ။

အားရပါးရ ရယ်မောလိုက်ပါ

Depression ကွီး

Photo : Men’s Health

ကွီးတို့ရေ ရယ်မောခြင်းကလည်း ကျွန်တော်တို့ ဦးနှောက်အတွင်းရှိ ဒိုပါမင်း (Dopamine) ကို ပိုပြီးတိုးစေပါတယ်။ အရမ်းစိတ်ညစ်ပြီး စိတ်ဓာတ်ကျနေရင် စိတ်ကိုခဏ အနားပေးပြီး အာရုံပြောင်းတဲ့ အနေနဲ့ ထိုင်ပြီး ဟာသရှိုးတွေ ဒါမှမဟုတ် ဟာသရုပ်ရှင်တွေကြည့်တာ၊ ဟာသတွေဖတ်တာ၊ တခြားသူတွေနဲ့ အားရပါးရ ရယ်မောတာ စတာတွေပြုလုပ်နိုင်ပါတယ်။ ရယ်မောစေတဲ့အရာကို တွေးရုံနဲ့ ဒိုပါမင်းအဆင့်ကို မြှင့်တင်ပေးပြီး စိတ်ကျရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

ကောင်းမွန်စွာ အိပ်စက်ပါ

well sleep

Photo : SWAGGER Magazine

စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ Depression စတာတွေက ကွီး တို့အတွက် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပြီး၊ အိပ်စက်မှု စက်ဝန်းကိုလည်း ပျက်စီးစေပါတယ်။ Depression ကြောင့် အိပ်မရဖြစ်ခြင်း၊ အိပ်မရလို့ စိတ်ပိုင်းဆိုင်ရာ ပိုပြီး ထိခိုက်မှုဖြစ်ခြင်း၊ ထိုကဲ့သို့ သံသရာလည်ကာ ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ ဆိုးဝါးသော ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ အိပ်စက်ခြင်းက ကွီးတို့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်၊ ပြုပြင်ရန်နှင့် အသစ်ပြန်လည်ပြုလုပ်ရန် အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပါ။ ညတိုင်း ကောင်းမွန်စွာ အိပ်စက်ခြင်းသည် အလုံးစုံ ကျန်းမာရေးနှင့် စွမ်းအင်အဆင့်ကို တိုးတက်စေပြီး စိတ်ဓာတ်ကျခြင်း လက္ခဏာများနဲ့ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါတယ်။

လုပ်ရိုးလုပ်စဉ်များကို ပြောင်းလဲပစ်ပါ

Photo : Scripps Health

လူတစ်ယောက်ဟာ စိတ်ဓာတ်ကျနေလျှင် စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာများကို အားဖြည့်ပေးတာက နေ့စဉ်လုပ်နေတဲ့ လုပ်ရိုးလုပ်စဉ်များ ဖြစ်တတ်နေပါတယ်။ ဒါကြောင့် လုပ်ရိုးလုပ်စဉ် ကိစ္စများကို အနည်းငယ်ဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုဖြစ်အောင် ကြိုးစားပါ။ ဥပမာ ကွီးတို့အနေနဲ့ ရုံးကပြန်လာတဲ့အချိန် အိမ်ထဲမှာပဲနေပြီး စိတ်ညစ်တာ၊ စိတ်ဆင်းရဲနေတာမျိုး ဖြစ်နေမဲ့အစား လမ်းလျှောက်ထွက်ပါ၊ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခုကို လုပ်ပါ။ မနက်ပိုင်းမှာဆိုလည်း ပုံမှန်လေ့ကျင့်ခန်း လုပ်တာစတဲ့ အလေ့အကျင့်ကို ထည့်သွင်းပါ။ လုပ်ရိုးလုပ်စဉ်များ ပြောင်းလဲခြင်းက ကွီးတို့ကို ပျော်ရွှင်မှုခံစားချက်များနှင့် ဆက်စပ်နေတဲ့ အရေးကြီးသော ဦးနှောက်ဓာတုပစ္စည်းတစ်မျိုးဖြစ်သော ဒိုပါမင်းရဲ့ လမ်းကြောင်းများကို ပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။ ဒီအချက်ကလည်း Depression ကို လျှော့ချပေးနိုင်မဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့ရေ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာ၊ စိတ်ပင်ပန်းနေတာမျိုးဆိုရင် စိတ်ကိုလွတ်မထားပဲ အပေါ်မှာ ဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် မိမိတို့ ပတ်ဝန်းကျင်မှာ Depression ခံစားနေရသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူတွေအတွက် အမှုမဲ့အမှတ်မဲ့မနေဘဲ ကွီး တို့အနေနဲ့ကူညီဖေးမပေးဖို့ ဒီဆောင်းပါးလေးကနေ တိုက်တွန်းလိုက်ပါတယ်။

Source : Intrepid Mental Health

Featured Photo : Verywell Mind