အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာက အသင်းဖော်သစ်လူးဝစ္စဆွာရက်ဇ်ကို ချီးကျူးစကားတွေပြောဆိုသွားခဲ့ပြီး ဘာစီလိုနာက ဘာကြောင့်လက်လွှတ်ခံခဲ့ရတာလဲဆိုတာကို နားမလည်နိုင်အောင်ဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာက ယခုရာသီမှာ ၎င်းနဲ့ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲဟာ လာလီဂါမှာ ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ပွဲမှာ အသင်းအတွက် ၇၀ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြကာ ၂ဂိုးသွင်း၊ ၁ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo: EuroSports

ဒီယေဂိုကော်စတာကလည်း ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပြီးတော့ နည်းပြဆီမြွန်နီအတွက် တိုက်စစ်ပိုင်းကဂိုးတွေအများကြီးသွင်းယူခဲ့လို့ တော်တော်လေး စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

“သူက အရမ်းကောင်းတဲ့ကစားသမားပါ။ တစ်ယောက်က တိုက်ပွဲဝင်နိုင်တယ်။ တစ်ယောက်က ကိုက်ခဲနိုင်တယ်။ လူးဝစ္စကို ရလိုက်တာ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်။ဘာစီလိုနာက သူ့ကိုဘာလို့လက်လွှတ်လိုက်တာလဲဆိုတာကို ကျွန်တော်လုံးဝနားမလည်နိုင်အောင်ပါပဲ။ သူက ကျွန်တော်တို့ကို တိုက်ပွဲဝင်စိတ်အပြည့်နဲ့ အများကြီးကူညီပေးခဲ့ပါတယ်”

Photo : The Straits Times

“ပြီးတော့ သူက အောင်မြင်မှုတွေကို ဆာလောင်နေသူပါ။ သူ ကျွန်တော်တို့ပရိသတ်တွေအတွက် ဆုဖလားတွေရယူပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ လာမယ့်ပွဲတစ်ပွဲချင်းစီကိုပဲ အာရုံစိုက်ဖို့တော့ လိုပါတယ်” လို့ ကော်စတာက ပြောဆို သွားခဲ့ပါတယ်။