နှလုံးသွေးကြောစနစ်အတွက် အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းကတော့ နှလုံးပဲ ဖြစ်ပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားဖို့အတွက် နှလုံးကျန်းမာနေဖို့အရေးကြီးပါတယ်။ နှလုံးရောဂါမခံစားရဖို့အတွက် မဖြစ်မနေပြုလုပ်ပေးရမယ့်အရာနှစ်ခုကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်များ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။

ဘယ်လိုအစားအစာများကို စားသုံးသင့်သလဲ

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သဘာဝအဆီများကိုသာ စားသုံးပါ။

သံလွင်ဆီ၊ ထောပတ်သီးမှရရှိတဲ့ အဆီ၊ ငါးကြီးဆီစတဲ့အဆီများကို မှီဝဲစားသုံးပေးပါ။ Omega-3 ကြွယ်ဝစွာပါဝင်တဲ့ငါးတွေကတော့ တူနာနဲ့ ဆော်လမွန်ငါးတို့ပဲဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများစားသုံးပါ။

Source: Freepik.com

အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများများစားသုံးခြင်းက နှလုံးကျန်းမာရေးအတွက်သာမက အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများအတွက်လည်း ကောင်းမွန်ပါတယ်။

အသားများ မကျက်တကျက် ချက်စားခြင်းမှ ရှောင်ကြဉ်ပါ။

Source: Freepik.com

အသားများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ကောင်းမွန်စွာကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ရပါမယ်။ ကျန်းမာရေးအတွက် အလွန်အရေးကြီးတာကြောင့် ငါးအသားလွှာများ အစိမ်းစားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

ပရိုတိန်းဓာတ်လည်း ရယူပါ။

Source: Freepik.com

မြေပဲနှင့် အစေ့အဆံများ၊ ကြက်သား၊ ဥအမျိုးမျိုး၊ အမဲသား၊ ငါး၊ နို့ထွက်ပစ္စည်းများ စတဲ့ ပရိုတိန်းဓာတ်ကြွယ်ဝသော အစားအစာများကိုလည်း မှီဝဲစားသုံးဖို့ မမေ့ပါနဲ့။

နှလုံးကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်တဲ့အစားအစာများ

Source: Freepik.com

ကိတ်မုန့်၊ အားဖြည့်အချိုရည်၊ ရေခဲမုန့် စတဲ့ အချိုများလွန်းသော အစားအစာများ ရှောင်ကြဉ်ရမယ့်အပြင် အရက်၊ ဘီယာစသည်တို့ကိုလည်း တစ်ရက်တည်းနဲ့ အလွန်အကျွံသောက်ပစ်တာမျိုးမပြုလုပ်သင့်ဘဲ ဆေးဖြစ်ဝါးဖြစ်သာ မှီဝဲသောက်သုံးသင့်ပါတယ်။

ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းများ

Source: Freepik.com

လေ့ကျင့်ခန်းများကို အမျိုးအစားခွဲခြားမထားဘဲ လေ့ကျင့်ခန်းများများပြုလုပ်လေ ကျန်းမာရေးအတွက် ကောင်းမွန်လေပါပဲ။ ဒါပေမဲ့ အလုပ်အရမ်းများလို့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်သူများကတော့ ခရီးသွားဟန်လွှဲအနေဖြင့် လေ့ကျင့်ခန်းပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ ဓာတ်လှေကား၊ စက်လှေကားအသုံးပြုမယ့်အစား ရိုးရိုးလှေကားအသုံးပြုခြင်း၊ နေ့လည်စာ ထမင်းစားပြီးတဲ့အခါ ခဏတဖြုတ်လမ်းလျှောက်ခြင်း၊ ရုံးတက်ချိန်၊ ရုံးဆင်းချိန်တွင် လမ်းလျှောက်ခြင်း၊ ပုံမှန်လျှောက်သလိုမဟုတ်ဘဲ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းများကို ခရီးသွားဟန်လွှဲပြုလုပ်ပေးနိုင်ပါတယ်။