ကျွန်တော်တို့ အတော်များများ လုပ်လက်စတွေ ခဏနားဖို့ Break Time ယူကြလေ့ရှိပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ Break လုပ်ကြတာပါပဲ။ Break Time ယူခြင်းဟာ စိတ်ရောကိုယ်ပါ အနားရစေပြီး အားသစ်ဝင်စေတာပါပဲ။ Break Time ကို ဘယ်လိုအခြေအနေမှာ ဘယ်အတွက် ယူသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။

(၁) သူငယ်ချင်းတွေနဲ့ ဆုံတွေ့ဖို့

Photo: Freepik

တစ်ခါတလေမှာ အလုပ်တွေပဲ နှစ်လုပ်နေမိတာကြောင့် ကိုယ်ချစ်ရတဲ့ မိတ်ဆွေနဲ့ မိသားစုတွေကို မေ့ထားမိတတ်ပါတယ်။ တကယ်အရေးပါတဲ့ ချိတ်ဆက်မှုပျောက်ဆုံးခြင်းဟာ လူ့အဓိပ္ပါယ်ပျောက်ဆုံးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူဖြစ်ရတာ မွေ့လျော်ပြီး အဓိပ္ပါယ်ပြည့်စုံစေဖို့ လုပ်စရာတွေ ခဏ Break ထားပြီး သူငယ်ချင်းတွေနဲ့ ချိန်းဆိုလိုက်ပါ။

(၂) သဘာဝကြီးကို စောင့်ကြည့်ဖို့

Photo: Freepik

ကျွန်တော်တို့တွေ ဘယ်လိုပဲ ဖြစ်ပျက်ခံစားနေပါစေ။ သဘာဝတရားကြီးဟာ သူ့ရဲ့ နှစ်လိုဖွယ် ကြီးမြတ်မှုနဲ့ တည်ငြိမ်နေတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လိပ်ပြာလေးတစ်ကောင် ပန်းတစ်ပွင့်ပေါ် ဆင်းသက်လာပုံကနေ သစ်ရွက်တွေ မြေပေါ် ကြွေဆင်းလာပုံအထိ သဘာဝရဲ့ စည်းချက်တွေကို နားဆင်ကြားမြင်တတ်ဖို့ အချိန်ပေးကြည့်ပါ။ စိတ်ဟာ နူးညံ့ငြင်သာစွာ အေးချမ်းသိမ်မွေ့သွားပါလိမ့်မယ်။

(၃) အားကစားလုပ်ဖို့

Photo: Freepik

ကျန်းမာမှ ချမ်းချမ်းသာသာ နေနိုင်မှာပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းဖို့ ကိုယ်လက်လှုပ်ရှားမှု ပြုရပါလိမ့်မယ်။ ပြိုင်ပွဲဝင် အားကစားသမားတစ်ယောက်လို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာတော့လည်း မလိုပါဘူး။ ယောဂကစားတာလို ၊ အပေါ့စား အားကစားနည်းတွေ လုပ်တာလိုမျိုးဆိုရင် အဆင်ပြေပါတယ်။

(၄) ဝါသနာပါတာလုပ်ဖို့

Photo: Freepik

လူတိုင်းမှာ ကိုယ်မြတ်နိုးရတဲ့ ဝါသနာလေးတွေ ရှိတတ်စမြဲပါ။ အကြောင်းကြောင်းကြောင့် ဝါသနာကို သက်မွေးမှုမှာ အသုံးမချရပေမယ့်လည်း ဝါသနာကောင်းလေးတွေဆိုတာ မဖျောက်ဖျက်ကောင်းပါဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါတဲ့အရာလေးတွေ လုပ်ဖို့အတွက် ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ထဲကနေ Break Time လေး ယူထားသင့်ပါတယ်။