အမျိုးသားများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဦးထုပ်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဦးထုပ်ဆောင်းခြင်းကြောင့် သင့် ဆံကေသာကို နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး ဆံကေသာ ကြမ်းတမ်းပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ အပူဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးဆိုလည်း မမှားပါဘူး။
လူငယ်တွေ အဝတ်အများဆုံး ဦးထုပ်ကတော့ လျှာထိုးဦးထုပ်ဆိုပေမယ့် ဒီဇိုင်းမျိုးစုံနဲ့ အထာကျနိုင်တဲ့ ဦးထုပ်အမျိုးအစား အများကြီး ရှိပါသေးတယ်။
ဖီဒေါ်ရာ ဦးထုပ် (Fedora)
ဟောလီးဝုဒ်ရုပ်ရှင်တော်တော်များများမှာ ဇာတ်ဆောင်မင်းသားများက ဖီဒေါ်ရာ ဦးထုပ်နဲ့ စတိုင်လ်ကျနေတာကို တွေ့ရတတ်ပါတယ်။ ဒီဦးထုပ်ကို ဆိတ်တစ်မျိုးရဲ့ အလွန်နူးညံ့တဲ့ အမွှေးနဲ့လည်း ရက်လုပ်ထားနိုင်သလို သိုးမွှေးနဲ့လည်း ပြုလုပ်ထားလေ့ရှိပါတယ်။
ထရီဘီး ဦးထုပ် (Trilby)
ထရီဘီးဦးထုပ်က ဖီဒေါ်ရာဦးထုပ်နဲ့ ဆင်တူပါတယ်။ ထရီဘီးဦးထုပ် စတင်ခေတ်စားလာတဲ့အချိန်ကတော့ ၂၀၀၀ ပြည့်နှစ်တုန်းကဖြစ်ပြီး ထိုအချိန်တုန်းက လူကုံထံအမျိုးသားတွေသာ ဝတ်ဆင်လေ့ရှိကြပါတယ်။
ပနားမား ဦးထုပ် (Panama)
ဒီဦးထုပ်ကတော့ အပူဒဏ်ကို သက်သာစေတာကြောင့် နွေရာသီမှာ ဝတ်ဆင်လို့ကောင်းတဲ့ ဦးထုပ်ပဲဖြစ်ပါတယ်။ အဖြူရောင်လီနင်ရှပ်အင်္ကျီ၊ သက်သောင့်သက်သာရှိတဲ့ ဘောင်းဘီအတိုနဲ့ တွဲဝတ်လိုက်တဲ့အခါ နွေရာသီမှာ ဖက်ရှင်ကျနိုင်ပါပြီ။
သက္ကလတ်ဦးထုပ်အမာ (Bowler Hat)
ဒီဦးထုပ်ကို ၁၉ ရာစုတုန်းက အင်္ဂလန်မှ ဦးထုပ်ပြုလုပ်သူတွေဖြစ်တဲ့ Thomas Bowler နဲ့ William Bowler တို့က စတင်တီထွင်ခဲ့တာကြောင့် Bowler Hat လို့ အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုခေတ်ထိုအခါကတည်းက လူတန်းစား အလွှာမျိုးစုံဝတ်ဆင်ခဲ့ကြပြီး ဖက်ရှင်ကျစေတဲ့ဦးထုပ်ပဲဖြစ်ပါတယ်။
ကတ်ဦးထုပ် ခေါ် ဦးထုပ်ပျော့
ဒီဖက်ရှင်ကိုတော့ ၁၈၅၀ ခုနှစ်တုန်းက အပျော်တမ်း ဘေ့စ်ဘောအဖွဲ့ဖြစ်တဲ့ Brooklyn Excelsiors ၏ ဘေ့စ်ဘောကစားသမားများ ဝတ်ဆင်ခဲ့ကြရာမှ ရေပန်းစားလာခဲ့တဲ့ ဖက်ရှင်ပဲဖြစ်ပါတယ်။ တစ်ဖန် ၁၉၉၀ ပြည့်နှစ်တွေမှာလည်း လူငယ်များအကြား ခေတ်စားခဲ့တဲ့ ဦးထုပ်ပဲဖြစ်ပါတယ်။
လျှာထိုးဦးထုပ်
ဒီဦးထုပ်ကတော့ သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့အတွက်ကြောင့် လူတော်တော်များများ ဝတ်ဆင်လေ့ရှိကြပါတယ်။
စာပို့သမားဦးထုပ်
ဦးထုပ်အရှေ့အနားသားက လျှာထိုးဦးထုပ်နဲ့ယှဉ်ရင် အနည်းငယ် တိုပါတယ်။ ဦးထုပ်ရဲ့ထိပ်အလယ်တည့်တည့်က ကြယ်သီးဝိုင်းကလည်း ပိုကြိးပါတယ်။
ဦးထုပ်ပြား
ဒီဦးထုပ်ရဲ့အတွင်းသားကို သိုးမွှေး (သို့) ပိတ်သားဖြင့် ပြုလုပ်ထားပြီး ဝတ်ဆင်သူကို အနွေးဓာတ် ပေးစွမ်းနိုင်တဲ့ ဦးထုပ်ပဲဖြစ်ပါတယ်။
ခေါင်းစွပ်ဦးထုပ်
ဆောင်းရာသီမှာ အနွေးဓာတ် လိုချင်တယ်ဆိုရင်တော့ ခေါင်းတင်မကဘူး နားရွက်ပါ လုံတဲ့ ခေါင်းစွပ်ဦးထုပ်လေးက အသင့်တော်ဆုံးပါပဲ။
Bucket ဦးထုပ်
ဆွဲပုံးပုံသဏ္ဍာန်ရှိတဲ့အတွက်ကြောင့် Bucket ဦးထုပ်လို့ခေါ်ပြီး ၁၉၉၀ ခုနှစ်မှာ ဟစ်ဟော့အဆိုတော်များ စတင်ဝတ်ဆင်ခဲ့ရာမှာ ယနေ့ထိတိုင် ရေပန်းစားနေဆဲဖြစ်ပါတယ်။
သင်ရော နေပူထဲသွားတဲ့အခါ ဖက်ရှင်ကျဖို့အတွက်နဲ့ နေလောင်ဒဏ်ကာကွယ်ဖို့ရန်အတွက် ဘယ်လိုဦးထုပ်မျိုးကို ဝတ်ဆင်လေ့ရှိပါသလဲ။
Source: Toptrendsguide.com