မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးနဲ့ ဂယ်ရီနဗီးတို့ဟာ ၎င်းအနေနဲ့ နောက်ထပ်ဆုဖလားတစ်ခုကို အာရုံမစိုက်ခင် ပရီးမီးယားလိဂ်ဖလားရရှိခဲ့မှုကို ဝမ်းသာပျော်ရွှင်ဖို့ ၁၀ မိနစ်အချိန်ရမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘာဘာတော့ဗ်ဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးဘူဂေးရီးယားကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းသားတွေနဲ့ ပထမဆုံးဆုဖလားအောင်ပွဲခံရာမှာ အိပ်ပျော်လုနီးပါးဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

Photo:GiveMeSport

ဘာဘာတော့ဗ်ဟာ မကြာမီမှာပဲ ဆုဖလားတွေအနိုင်ရရှိခြင်းက မန်ချက်စတာယူနိုက်တက်အတွက် အလေ့အထတစ်ခုလိုမျိုးဖြစ်နေတာကြောင့် ယူနိုက်တက်တစ်သင်းလုံးက အောင်ပွဲခံနေစရာမလိုဘဲ နောက်ထပ်ဖလားတစ်လုံးကို အနိုင်ရရှိဖို့ကိုသာ အာရုံစိုက်ချင်နေကြတယ်ဆိုတာကို နားလည်သွားခဲ့တာဖြစ်ပါတယ်။”ကျွန်တော့်အတွက် ယူနိုက်တက်မှာ ရှိခဲ့တဲ့အချိန်မှာ ကျွန်တော့်ရဲ့ပထမဆုံးဖလားကို ရရှိခဲ့လို့ အရမ်းပျော်ရွှင်ခဲ့မိပါတယ်။ ကျွန်တော့်ကိုယ်ကို စိတ်ပျော်ရွှင်နေမိပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးရရှိတဲ့ ဘူဂေးရီးယားကစားသမားဖြစ်လာရတာကို ဂုဏ်ယူမိခဲ့ပါတယ်”

“ခင်ဗျား အဲဒီအပျော်ကို ၅ မိနစ်လောက်ပဲ ရမှာပါ။ ပြီးရင် အဲဒီမှာ ပရီးမီးယားလိဂ်ဖလားကို အများကြီးရရှိခဲ့တဲ့ ဂစ်၊ စခိုးလ်နဲ့ နဗီးတို့လို ကစားသမားတွေကို မြင်ရလိမ့်မယ်။ သူတို့အတွက်ကတော့ အဲဒါက အလေ့အထတစ်ခုလိုပါပဲ””သူတို့တွေက ‘ဟိတ် ဘာဘာ။ ငါ မင်းကို ဖလားရတာကို ပျော်ဖို့ ၁၀ မိနစ်အချိန်ပေးမယ်။ ဒါပေမယ့် ပြီးရင်တော့ ငါတို့တွေ နောက်ထပ်ဖလားတစ်လုံး၊ နောက်ထပ်ဖလားတစ်လုံးနဲ့ နောက်ထပ်တစ်လုံးအတွက် အာရုံစိုက်ကြတာပေါ့ကွာ’ဆိုတဲ့ ပုံစံမျိုးပဲ”

“ကျွန်တော့်ရဲ့ ပထမဆုံးဖလားပါတီကို အသင်းဖော်တွေနဲ့ ဆင်နွှဲခဲ့တာ မှတ်မိပါသေးတယ်။ ကျွန်တော်တို့ ဖလားရရှိခဲ့ပြီးနောက် မန်ချက်စတာက ဘီယာဆိုင်ကို သွားခဲ့တယ်။အဲဒီဆိုင်မှာ ဂစ်တာသမားတစ်ယောက်ရှိနေခဲ့ပြီး ကျွန်တော်တို့အားလုံး ထိုင်ပြီး ဘီယာနည်းနည်းသောက်ခဲ့ကြတယ်။ ကျွန်တော် အိပ်ပျော်သွားတော့မယ်လို့တောင် တွေးခဲ့မိတယ်။ မနက် ၂ နာရီလောက်ဆို ကျွန်တော်က အိမ်က အိပ်ရာထဲမှာရှိနေခဲ့တာလေ”

Photo: New Age

“ပထမတုန်းကတော့ ကျွန်တော် အဲဒါကို မယုံကြည်နိုင်ခဲ့ဘူး။ တကယ်လို့ ကျွန်တော်တို့ ဘူဂေးရီးယားမှာသာ ရှိနေခဲ့ရင် တစ်ဆိုင်လုံးက စားပွဲခုံတွေပေါ်ကို ရှန်ပိန်တွေ လိုက်ဖျန်းနေခဲ့ကြမှာပါ။ ခဏလောက်အကြာတော့ မေးစရာမလိုတော့ဘဲ ဒီလိုလူတွေအတွက် ဆုဖလားရရှိတာက အလေ့အထတစ်ခုလိုပဲဆိုတာ ကျွန်တော် နားလည်သွားခဲ့ပါတယ်။ အဲဒါက အသစ်အဆန်းမဟုတ်ခဲ့ဘဲ အဲဒီခံစားချက်ကို သူတို့ ရနေကျပါ”

“လီဗာပူးကျတော့ ဘာကြောင့် ကစားသမားတွေဟာ စိတ်လွတ်ကိုယ်လွတ်နဲ့ အောင်ပွဲခံခဲ့ကြလဲဆိုတော့ သူတို့အတွက် ပရီးမီးယားလိဂ်ဖလားက ကြီးမားတဲ့အရာတစ်ခုဖြစ်နေလို့ဖြစ်ပြီး သူတို့တွေ နှစ် ၃၀ လောက် အဲဒီဖလားကို မရဘဲ နေခဲ့ကြရလို့ပါ။ ဟုတ်တာပေါ့။ ခင်ဗျား အဲဒါကို ရပြီးတာနဲ့ ရူးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။