သဘာဝအတိုင်း အသားအရေကောင်းစေမယ့် မီးဖိုချောင်သုံးပစ္စည်းတစ်ခုကတော့ နနွင်းပါပဲ။ နနွင်းကို အမေရိကအလယ်ပိုင်းနဲ့ အာရှနိုင်ငံအများစုမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် တွင်တွင်ကျယ်ကျယ်သုံးလေ့ရှိကြပြီး ရှေးခေတ်ကတည်းက အသားအရေအတွက် အကျိုးပြုတဲ့ အလှပဆိုင်ရာသဘာဝပစ္စည်းအဖြစ် သတ်မှတ်အသုံးပြုခဲ့ကြပါတယ်။ ဈေးလဲမကြီးပဲ သုံးရတာလည်း လွယ်ကူတဲ့အပြင် အသားအရေကို နူးညံ့ချောမွေ့စေဖို့အတွက် အထိရောက်ဆုံးကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နနွင်းကို အသုံးပြုပြီး ဒိန်ချဉ်၊ အုန်းဆီ၊ ပျားရည်တို့နဲ့ ရောစပ်ပြုလုပ်ထားတဲ့ အသားအရေ ကြည်လင်ဝင်းပစေမယ့် DIY Face Mask ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

DIY Turmeric Face Mask

Photo : Treehugger

ပါဝင်ပစ္စည်းများ

  • နနွင်း ၃ ဇွန်း
  • ဒိန်ချဉ် ၁ ဇွန်း
  • ပျားရည် ၁ ဇွန်း
  • အုန်းဆီ ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

သန့်ရှင်းတဲ့ ပန်းကန်လုံးတစ်ခုထဲမှာ ဒိန်ချဉ်၊ ပျားရည်နဲ့ အုန်းဆီတို့ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။ ထို့နောက် အော်ဂဲနစ်နနွင်းမှုန့်ကို ရောထည့်ပြီး နနွင်းမှုန့်များပျော်ဝင်သွားသည်အထိ သေချာလေး နှံ့အောင်မွှေပေးရပါမယ်။

DIY Turmeric Face Mask

Photo : eMediHealth

အသုံးပြုနည်း

နနွင်း Mask အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး မျက်နှာကို ဆေးကြောသန့်စင်ပြီး ရေခြောက်သည်အထိ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါနဲ့ ခပ်ဖွဖွသုတ်ပေးပါ။ ထို့နောက် သန့်ရှင်းတဲ့လက် သို့မဟုတ် makeup brush ကိုအသုံးပြုပြီး ပါဝင်ပစ္စည်းများအားလုံးရောမွှေထားတဲ့ နနွင်းအနှစ်ကို မျက်နှာအနှံ့ ခပ်ပါးပါးလိမ်းပေးရပါမယ်။ ထို့နောက် ၁၅ မိနစ်ခန့် ထားပါ။ အချိန်ပြည့်ပြီဆိုရင် ကြက်သီးနွေးရေဖြင့် မျက်နှာသစ်လိုက်လို့ရပါပြီ။ အဆိုပါ နနွင်း Mask ကို တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။  ဒါဆိုရင်တော့ ကြည်လင်ချောမွေ့ပြီး နူးညံ့တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

DIY Turmeric Face Mask

Photo : BeBeautiful

သဘာဝအတိုင်း ကြည်လင်ဝင်းပတဲ့ မျက်နှာအသားအရေပိုင်ဆိုင်နိုင်ဖို့ လိုက်နာရမယ့် အချက်လေးတွေ

  • မျက်နှာကို မသန့်ရှင်းတဲ့လက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ပါ။
  • ဝက်ခြံညှစ်ခြင်း ၊ ဝက်ခြံကိုလက်ဖြင့် ကုပ်ဖဲ့ခြင်းကို ရှောင်ကြဉ်ပါ။ ဝက်ခြံညှစ်တာဟာ ရောင်ရမ်းခြင်းကို ဖြစ်စေပြီး ကော်လာဂျင်ဆုံးရှုံးစေတဲ့အတွက် အမာရွတ်တွေကို ဖြစ်စေပါတယ်။
  • နေရောင်အောက်မှာကြာရှည်စွာနေခြင်းကို အထူးရှောင်ကြဉ်ပါ။ အပြင်မထွက်ခင် အနည်းဆုံး SPF 30 နဲ့အထက်ပါတဲ့ sunscreen လိမ်းပေးရပါမယ်။
  • နေပူထဲမဖြစ်မနေသွားလာရမယ်ဆိုပါက ဦးထုပ် ၊ ထီး စသဖြင့် နေရောင်ခြည်တိုက်ရိုက်မထိစေမယ့် အကာအကွယ်များဝတ်ဆင်ပါ။
  • ရေများများသောက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ၊ လက်ဆတ်တဲ့ အသီးအနှံတွေ များများစားပေးပါ။
  • ညအိပ်ရာမဝင်မီ မျက်နှာပုံမှန်သစ်ပေးပါ။
  • အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပြီး အနည်းဆုံး တစ်ရက် ၂ ကြိမ်မျက်နှာသစ်ပေးပါ။
  • ကွီးတို့ရဲ့ မျက်နှာကို သဘာဝအတိုင်း glow နေစေဖို့ လုံလောက်တဲ့ အိပ်စက်အနားယူမှုရှိဖို့လည်း လိုပါတယ်။

Featured Photo : Verywell Health