မေးခွန်းလေးကို ဖတ်ကြည့်ပြီးတော့ စက္ကန့်အနည်းငယ်လောက် တွေဝေသွားကြမှာပါ။ မီးဖိုချောင်ရဲ့ အကူအညီနဲ့ ဘယ်လိုလုပ် Six-Pack တွေ ထွက်နိုင်မလဲပေါ့။ လုံးလုံးလျားလျားကြီး မသက်ဆိုင်တာတော့ မဟုတ်ပါဘူး။ တစ်စိတ်တစ်ပိုင်းလောက် သက်ဆိုင်ပါတယ်။

ကျွန်တော်တို့တွေက Six-Pack ထွက်ချင်တယ် ကြွက်သားအမြောင်းမြောင်းနဲ့ ကြည့်ကောင်းချင်တယ်ဆိုရင် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုပဲ အရင်ဆုံးပြေးမြင်ကြတာပါ။ မီးဖိုချောင်မှာ ချက်ပြုတ်ကြော်လှော်ပြီး စားသုံးတဲ့ အစားအစာတွေရဲ့ အရေးပါမှုကိုတော့ မေ့နေတတ်ကြပါတယ်။

တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း အရေးကြီးသလို အစားအသောက် စားသုံးခြင်းကလည်း အရေးပါပါတယ်။ နှစ်ခုစလုံး မျှခြေရှိမှသာ ကိုယ် လိုချင်တဲ့ ကြွက်သားတွေက အချိန်တိုအတွင်း ထွက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ Six-Pack ထွက်ချင်ပါတယ်လို့ပဲ ထိုင်အော်နေပြီး လေ့ကျင့်ခန်းလည်း မလုပ် အစားအသောက်ချည်းပဲ လှိမ့်စားနေလို့လည်း မရပါဘူး။

အရင်ဆုံး ပြောပြပေးချင်တာကတော့ ရှောင်ကြဉ်ရမယ့် အစားအစာတွေပါ။

သကြားဓာတ်လွန်ကဲတဲ့ အချိုရည်များ

Source: 1mhealthtips.com

သဘာဝ အချိုရည်တွေမဟုတ်ဘဲ ဆေးသကြား ပါဝင်မှု များပြားတဲ့ အချိုရည်များ၊ ဆိုဒါများ၊ စွမ်းအားဖြည့် အချိုရည်တွေထဲမှာ သကြားဓာတ်တစ်ခုတည်း ပါဝင်တာမဟုတ်ပါဘူး။ ကယ်လိုရီတွေလည်း အများကြီး ပါဝင်နေတာပါ။ လေ့လာချက်တွေအရ ထိုအချိုရည်များကို သောက်သုံးခြင်းက ဗိုက်မှာ အဆီတွေစုနေမှာဖြစ်ပြီး ကိုယ်အလေးချိန်တက်လာမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြွက်သားတွေနဲ့ ကျစ်လျစ်ချင်တယ်ဆိုရင် သဘာဝသစ်သီးလေးတွေပဲ ဖျော်သောက်ပေးလိုက်ပါ။

အသင့်စား အစားအစာများနဲ့ အကြော်စာများ

Source: shortlist.com

အာလူးချောင်းကြော်၊ ဟမ်ဘာဂါ၊ ကြက်ကြော်၊ အကြော်စုံ စတဲ့ အစားအစာတွေက ကယ်လိုရီဓာတ် လွန်ကဲစွာပါဝင်ပြီး အဆီဓာတ်လည်း များပြားပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေမယ်ဆိုရင် Six-Pack တွေနဲ့ ဝေးကွာသွားပြီး ဗိုက်ရွှဲကြီးဘဝနဲ့ပဲ နေနေရတော့မှာပါ။ ထိုအသင့်စား အစားအစာတွေ အပြင်စာတွေ စားမယ့်အစား ဆီနည်းနည်းလေးနဲ့ ချက်ထားပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကိုပဲ ကိုယ့်ရဲ့ မီးဖိုချောင်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ ချက်စားလိုက်ပါ။

အရက်

Source: medicalnewstoday.com

ယောကျာ်းလေး မှန်ရင်တော့ အရက်နဲ့ ကင်းမှာမဟုတ်ပါဘူး။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဘော်ဒါတွေနဲ့ ဆုံပြီဆိုရင် တစ်ခွက် တစ်ဖလားလောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိကြတာပါ။ တစ်ခါတစ်လေ သောက်တာကတော့ ပြဿနာမရှိပေမယ့် ကိုယ်က Six-Pack လည်း ထွက်ချင်တယ် အရက်ကို စွဲစွဲလမ်းလမ်းသောက်နေတယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။

အငန်ဓာတ်နှင့် သကြားဓာတ် လွန်ကဲတဲ့ သရေစာမုန့်ထုပ်များ

Source: shape.com

သကြားဓာတ်များတယ်၊ အဆီဓာတ်များတယ်ဆိုတာ တစ်ခုမှမကောင်းပါဘူး။ အသင့်စားမုန့်ထုပ်တွေဆို ပိုဆိုးပါတယ်။ သူတို့က ပလပ်စတစ်အိတ်ထဲမှာ ကြာရှည်ခံနေဖို့ရန်အတွက် ဓာတုပစ္စည်းမျိုးစုံနဲ့ ထုတ်လုပ် ထုတ်ပိုးထားတာပဲဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း လုံးဝမသင့်တော်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ရှောင်ကြဉ်ရမယ့် အစားအစာတွေ သိပြီဆိုရင် စားသုံးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။

Source: Shutterstock

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။ Omega-3 နဲ့ ဖက်တိ အက်ဆစ်ကြွယ်ဝသော ငါးများ၊ ပဲအမျိုးမျိုး၊ ပရိုတင်းဓာတ်ကြွယ်ဝသော အသားနှင့် ဥအမျိုးမျိုးတို့ကို စားသုံးပေးနိုင်ပါတယ်။ ဆော်လမွန်ငါး၊ တူနာငါး၊ ငါးသေတ္တာ၊ မက်ကရယ်ငါး စတဲ့ ငါးတွေကို စားသုံးခြင်းက ဝိတ်ကျစေတဲ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။