သူဌေးဇာတာ ပါတဲ့သူဆိုတာ ဗေဒင်နဲ့ လက္ခဏာနယ်ပယ်မှာပဲ ကြားဖူးတဲ့ စကားပါ။ ချမ်းသာတဲ့သူ တစ်ယောက် ဖြစ်ဖို့ဆိုတာ ကိုယ်စွမ်းကိုယ်စကို ဘယ်လောက် အမြင့်ရောက်အောင် တင်ထားတဲ့သူလဲဆိုတာနဲ့ အကဲဖြတ်လို့ ရပါတယ်။ မီလျံနာလို့ ခေါ်နေကြတဲ့ သန်းကြွယ်သူဌေးတွေဆိုတာ သာမန်လူတွေနဲ့ ကွဲပြားတဲ့ အမြင် ၊ ခြားနားတဲ့ လုပ်ဆောင်ချက်တွေ လုပ်တတ်သူ ဖြစ်ပါတယ်။သူတစ်နေ့ မီလျံနာ ဖြစ်လာမလားဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ အခုပြောတဲ့ ဝိသေသလက္ခဏာတွေ သင့်မှာ ရှိနေပြီဆိုရင် တစ်နေ့မှာ သင်လည်း သူကြွယ်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၁) သူများနဲ့ မတူတဲ့ စွမ်းရည်တွေ ရှိတယ်

Photo: Freepik

မီလျံနာတွေမှာ ထူးခြားတဲ့ အိုင်ဒီယာသစ်တွေ နည်းလမ်းသစ်တွေ ရှိပါတယ်။ နေ့တိုင်းလုပ်နေကျ အလုပ်မှာတောင် သူတို့ဟာ ပိုပြီး ဆန်းသစ်တဲ့ အတွေးနဲ့ ပေါင်းစပ်ပြီး အလုပ်ကို လှလှပပ လုပ်တတ်သူတွေပါ။ စိတ်ကို အလုပ်များများ လုပ်ပြီး အမြင်ကျယ်ကျယ် ချဲ့မြင်တတ်တာဟာ မီလျံနာတစ်ယောက်ရဲ့ ဉာဉ်တစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ ရှေ့လာမယ့် ရေရှည်ပန်းတိုင်တွေအထိ ကြိုတွေးတတ်လို့ သူတို့ကို Long-Term Thinkers တွေလို့လည်း ခေါ်နိုင်ပါတယ်။

(၂) အပြောင်းအလဲကို ကြိုဆိုတယ်

Photo: Freepik

အပြောင်းအလဲတွေကို ကြောက်ခြင်းဟာ အခွင့်အရေးတွေ ဖမ်းဆုတ်ဖို့ သတ္တိနည်းတာပါပဲ။ မီလျံနာတွေဟာ အကောင်းဖြစ်စေ အဆိုးဖြစ်စေ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကနေ အမြတ်ထုတ်နိုင်စွမ်း ရှိပါတယ်။ အပြောင်းအလဲကို ကြိုဆိုတဲ့ စိတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နဲ့ သေချာတဲ့ သဘောကို ပြနေတာပါ။ ဘာပဲ ဖြစ်လာဖြစ်လာ ကိုယ်ကိုယ်တိုင် ဖြေရှင်းနိုင်တယ်လို့ သူတို့မှာ ယုံကြည်ချက်ရှိနေပါတယ်။

(၃) ခိုင်မာပြတ်သားတယ်

Photo: entrepreneur

မီလျံနာတွေမှာ ထူးခြားတဲ့ Passion ရှိပါတယ်။ စိတ်ထဲမှာ စွဲထင်နေတဲ့ ပုံရိပ် ၊ မျက်လုံးထဲမှာ မြင်နေရတဲ့ Mission က သူတို့ကို မတွန့်မဆုတ် ဆုံးဖြတ်လုပ်ဆောင်နိုင်စွမ်း ပေးပါတယ်။ တစ်ခုခုကို သေချာယုံကြည်သူဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်လက်ခံသလိုမျိုး မီလျံနာ ဖြစ်မယ့်သူတွေဟာ သူတို့ယုံကြည်တဲ့အရာနောက် လိုက်ဖို့ မတွေဝေသူတွေ ဖြစ်ဖို့ လိုပါတယ်။

(၄) အမြဲတမ်း သင်ယူတယ်

Photo: Freepik

မီလျံနာတစ်ယောက် ဖြစ်ဖို့ဆုတာ သတင်းအချက်အလက်သစ်တွေနဲ့ ကိုယ့်ရဲ့ အသိဉာဏ်ကို အမြဲတမ်း ဖြည့်ဆည်းနေဖို့ လိုပါတယ်။ သတင်းအချက်အလက်သစ်တွေဟာ သင်သွားမယ့် လမ်းကြောင်းနဲ့ သင့်အတွက် အခွင့်အလမ်းသစ်တွေကို သဲလွန်စပေးနေပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်ကို ထက်သန်စေမယ့် စာတွေ ဖတ်တာ ၊‌ အောင်မြင်သူတွေနဲ့ ရင်းရင်းနှီးနှီး အကြံယူ ဆွေးနွေးတာ ၊ ကိုယ့်ရဲ့ မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင်လိုက်တာဟာ သင့်ကို အောင်မြင်တဲ့ မီလျံနာတစ်ယောက် ဖြစ်လာစေတဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။