မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တစ်ဦးတည်း စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်ခဲ့ပေမယ့်လည်း အသင်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အဓိကပစ်မှတ်ထား ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

Cristiano Ronaldo celebrated after scored against Villareal

Photo: 90min

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း လူးဝစ္စ ဖီဂိုက ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ယူနိုက်တက်ရဲ့လက်ရှိ အကောင်းဆုံးကစားသမားဖြစ်တာကြောင့် ဝေဖန်မှုတွေက အဓိပ္ပာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ သူက အကောင်းဆုံးကစားသမားပါ။ ဘောလုံးပွဲတစ်ခုမှာ ရလဒ်တွေကအဓိကကျပြီး အသင်းအနေနဲ့မျှော်မှန်းထားတဲ့ ရလဒ်တွေကို မရရှိခဲ့ပါဘူး။ ဒါပေမယ့် သူက စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး အသင်းထဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ အဲဒီတော့ ကျွန်တော် ဒီလို ဝေဖန်မှုတွေကို နားကိုမလည်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Manchester United Players Celebrating

Photo: Skysport

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဂိုးရှေ့မှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းတွေနဲ့ ၎င်းရဲ့အဆင့်အတန်းကို သက်သေပြသခဲ့ပြီးဖြစ်ပေမယ့်လည်း အသင်းရဲ့ ကျန်တဲ့ဘက်ပေါင်းစုံက ကြိုးစားအားထုတ်မှုကတော့ ပြောပလောက်အောင် မရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဝက်စ်ဟမ်း ယူနိုက်တက်ကို ၁-၀ ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။

Featured Photo: Sportskeeda