ခွေးလေးတွေက အိမ်မွေးတိရိစ္ဆာန်ဆိုတာထက်ကို ပိုပါတယ်။ သင့်အတွက် မိတ်ဆွေကောင်း သင့်အပေါ်သစ္စာအရှိဆုံး အဖော်မွန်ကောင်းလို့ပြောရင်လည်း မှားနိုင်မယ်မထင်ပါဘူး။ ဒါကြောင့် တချို့သောအထီးကျန်နေတဲ့သူတွေအတွက် အိမ်မွေးခွေးလေးတစ်ကောင်မွေးထားခြင်းက အထီးကျန်ခြင်းတွေပြေပျောက်စေနိုင်သလို စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အထီးကျန်တယ်လို့ခံစားရသူတွေ ဘာကြောင့်ခွေးလေးတစ်ကောင်မွေးသင့်တယ်ဆိုတဲ့ သိပ္ပံနည်းကျအဖြေရှာထားတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့နည်းစေတယ်

Source : Shutterstock

ခွေလေးတွေဟာ ချစ်ခြင်းမေတ္တာနှင့် ကောင်းမွန်တဲ့စိတ်ခံစားမှုဆိုင်ရာပံ့ပိုးမှုတွေရစေပြီး စိတ်ဖိစီးမှုတွေကို အထိရောက်ဆုံး တားဆီးပေးနိုင်တယ်လို့ ဩစတေးလျသုတေသနပညာရှင်တွေက ဆိုထားပါတယ်။ လူနှင့်အိမ်မွေးခွေးလေးတွေကြားက အပြန်အလှန်ဆက်သွယ်မှုဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ လူမှုရေးဆိုင်ရာအထီးကျန်မှုကို လျော့ကျစေနိုင်ပါတယ်။ ခွေးလေးတွေနဲ့ ၁၅ မိနစ်လောက်အတူတူနေပြီး အမွှေးလေးတွေပွတ်သပ်ပေးတာ သူတို့နဲ့စကားပြောတာမျိုးတွေလုပ်ကြည့်ပါ။ စိတ်ဖိစီးမှုတွေလျော့နည်းပြီး နေထိုင်လို့ပိုကောင်းလာပါလိမ့်မယ်။

(၂) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖြစ်စေတယ်

Source : Shutterstock

ခွေးလေးတွေဟာ များသောအားဖြင့် သူတို့ရဲ့သခင်တွေနဲ့ ဆော့ကစားရတာကိုနှစ်သက်ပြီး သူတို့နဲ့အတူတူဆော့ကစားဖို့ကိုလည်း ပုံစံအမျိုးမျိုး အမူအရာအမျိုးမျိုးနဲ့တောင်းဆိုလေ့ရှိကြပါတယ်။ ဒီလိုခွေးလေးနဲ့ အတူတူဆော့ကစားမယ် ညနေခင်းလမ်းလျောက်ထွက်တာမျိုးတွေလုပ်ပေးမယ်ဆိုရင် နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖြစ်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်တာက သင့်ခန္ဓာကိုယ်ကိုကျန်းမာစေသလို စိတ်ခံစားမှုလည်းကောင်းစေတာကြောင့် အထီးကျန်ခြင်းတွေ လျော့ပါးသက်သာလာမှာပါ။

(၃) စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရစေတယ်

Source : Shutterstock

တစ်ယောက်တည်းနေရသူအများစုမှာ အထီးကျန်ခြင်းတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာမလုံခြုံဖြစ်ခြင်း စိုးရိမ်ပူပန်ခြင်းတွေလည်း ဖြစ်လေ့ရှိကြပါတယ်။ ခွေးလေးတွေက အချိန်တိုင်းသင့်ကို ကာကွယ်စောင့်ရှောက်ဖို့အသင့်ရှိနေတက်သလို ညရေးညတာမှာလည်း သင်နဲ့သင့်အိမ် လုံခြုံရေးအတွက်ကောင်းကောင်းတာဝန်ယူပေးတက်ပါတယ်။ ဒီအချက်လေးတွေကြောင့် ခွေးလေးတွေရှိတာက သင့်ကိုအဖော်ပြုပေးနိုင်ရုံသာမက သင့်ကိုစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပိုမိုပေးစွမ်းနိုင်တယ်ဆိုတာ သံသရဖြစ်စရာမရှိပါဘူး။

(၄) ပိုပြီးပျော်ရွှင်လာစေတယ်

Source : Shutterstock

ခွေးလေးတွေနဲ့ အတူတူအချိန်ကုန်ဆုံးရတာက သင့်တစ်ယောက်တည်းအတွေးနယ်ချဲ့နေတာမျိုးမရှိတော့အောင်ပဲ သူတို့က သင့်ကိုအပျင်းပြေခြင်း ပျော်ရွှင်ခြင်း ရယ်မောခြင်းတွေ ပေးစွမ်းနိုင်ပါတယ်။ ခွေးလေးတွေရဲ့ သွားလာပုံ နေထိုင်ပုံအပြုအမူလေးတွေ ချစ်စရာကောင်းအောင် အိပ်တက်တဲ့အကျင့်လေးတွေ ချွဲလွန်းကဲလွန်းတဲ့ အကျင့်စရိုက်လေးတွေကြောင့် သူတို့နဲ့အတူတူအချိန်ကုန်ဆုံးရတဲ့အချိန်တိုင်းက သင့်ကိုအထီးကျန်ခြင်း ပျင်းရိငြီးငွေ့ခြင်းတွေကို ဖယ်ရှားပေးပြီး ပိုမိုပျော်ရွှင်လာစေမှာပဲ ဖြစ်ပါတယ်။