အိပ်မက်နဲ့ဘဝ ထပ်တူကျဖို့ဆိုတာ သီချင်းတွေထဲမှာပဲ ရှိတယ်လို့ ဆိုကြပါတယ်။ တကယ်လည်း ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်ဖြစ်ချင်သလောက်တော့ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် အလားအလာနည်းတာပါပဲ။ ဒါပေမယ့်လည်း ဘဝလိုအင်တွေ ပြည့်မြောက်ဖို့ ကြိုးစားတာချင်းအတူတူ Dream Life တစ်ခုရှိတဲ့သူက ဘာရည်ရွယ်ချက်မှ မရှိဘဲ ဘဝကို ဖြတ်သန်းနေသူထက် အများကြီး သာပါတယ်။
ကိုယ့်မှာ စိတ်ကူးယဉ်ထားတဲ့ဘဝလေးတစ်ခု ရှိပြီး အဲ့ဒီအိပ်မက်ကို တကယ်ဖြစ်လာဖို့အတွက် ရည်မှန်းချက်ထား ကြိုးစားနေတယ်ဆိုရင် အခုပြောမယ့် အဆင့်လေးတွေနဲ့ ဖြတ်သန်းဖို့လည်း အကြံပြုချင်ပါတယ်။
(၁) တိတ်ဆိတ်တဲ့နေရာ ရှာပါ
Photo: Unsplash
အရင်ဆုံး ကိုယ့်အတွေးတွေကို သေချာရှင်းလင်းစေဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခု သွားပြီး ကိုယ်ရဲ့ Dream Life ကို ပြန်သုံးသပ်ကြည့်ပါ။ အနှောင့်အယှက်ကင်းကင်းနဲ့ စိတ်ထဲ ရှိသလို ပေါ်လာတဲ့ အတွေးတွေထဲကမှ ကိုယ်တန်ဖိုးထားရတဲ့ Dream Life ဆိုတာ ဘာလဲ ပြန်ရှာဖွေဆွဲထုတ်ကြည့်ပါလို့ ပြောရမှာပါပဲ။
(၂) ပုံမှန်အချိန် ယူပါ
Photo: Unsplash
တစ်ပတ်ကို တစ်ကြိမ်ဖြစ်ဖြစ် တစ်လကို တစ်ကြိမ်ဖြစ်ဖြစ် ကိုယ်ရဲ့ Dream Life အခြေအနေကို ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ်သွားနေတာ ကိုယ်စိတ်ကူးယဉ်ထားတဲ့ ဘဝလမ်းကြောင်းပေါ်ရော ရောက်ရဲ့လား ပြန်ကြည့်ပါ။ ပုံမှန်အချိန်လေး ထားပြီး ကိုယ့်အနေအထားကို ပြန်အကဲဖြတ်ခြင်းက Dream Life တစ်ခု လမ်းကြောင်းမှန်ပေါ် ရောက်/မရောက်ဆိုတာကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။
(၃) ဘာတွေ ပြီးခဲ့ပြီလဲ ၊ ဘယ်နေရာရောက်နေပြီလဲ ပြန်ကြည့်ပါ
Photo: Unsplash
ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရာမှာ ရိုးရိုးသားသား ပြန်ကြည့်တတ်ဖို့ လိုပါတယ်။ အခြေအနေ အမှန်အတိုင်း အကဲဖြတ်မှသာ ပြင်စရာရှိတာတွေ ပြင်လို့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်အထိ ခရီးရောက်နေပြီလဲ နဲ့ ကိုယ်ဘယ်နေရာရောက်နေပြီလဲ သိခြင်းက ကိုယ့်ရဲ့ Dream Life တစ်ခု ပုံဖော်ရာမှာ အထိရောက်ဆုံးနဲ့ အနီးစပ်ဆုံး ဖြစ်လာမှာပါ။
(၄) ရှေ့ရေးပြန်ကြည့် ၊ ရည်မှန်းချက်သစ်တွေ ထားသွားပါ
Photo: Unsplash
ဘဝရည်မှန်းချက်ဆိုတာ နောက်ပြန်ဆန်းစစ်လိုက် ၊ ရှေ့ရေးမျှော်ကြည့်လိုက် လုပ်ပြီး ထိုက်သင့်သလို ရည်ရွယ်ချက်သစ်တွေ ချမှတ်အကောင်အထည်ဖော်သွားရတာမျိုး ဖြစ်ပါတယ်။ အိုင်ဒီယာအကြမ်းထည်တစ်ခုကို ရုပ်လုံးဖော်ရာမှာ လုပ်နည်းကိုင်နည်းသစ်တွေလည်း အခြေအနေပေါ် လိုက်ပြီး ချမှတ်ရပါတယ်။ ရည်မှန်းချက်တစ်ခုကို ရောက်အောင် သွားရာမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ ကြံ့ခိုင်တဲ့ဇွဲအပြင် အနေအထားပေါ် ကြည့်ပြီး အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်ခြင်းကလည်း အတတ်ပညာတစ်ခုပဲလို့ ပြောချင်ပါတယ်။
Featured Photo: everydaypower