Cocktail ဆိုတာ အယ်လ်ကိုဟောပါတဲ့ Mixed Drinks တစ်မျိုး ဖြစ်ပါတယ်။ ကော့တ်တေးမှာ ယမကာတစ်မျိုးထက်ပို ပါတတ်ပြီး တခြား ပါဝင်ပစ္စည်းအနေနဲ့ အသီးဖျော်ရည် Fruit Juice ၊ အနံ့ပါ Syrup ဒါမှမဟုတ် ခရမ်တစ်ခုခု ပါတတ်ပါတယ်။ ပါဝင်ပစ္စည်းအမယ် အရေအတွက်နဲ့ အမျိုးအစားပေါ်လိုက်ပြီး ကော့တ်တေးတွေလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
တကယ်တော့ လူတွေဟာ ရှေးရာစုနှစ်တွေကတည်းက အရသာပိုကောင်းဖို့ ၊ ဆေးအဖြစ် သုံးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သောက်စရာတွေအစုံ ရော သောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တမ်း သမိုင်းစာအုပ်တွေထဲ မှတ်တမ်းတင်ရလောက်အောင် ကျော်ကြားလာခဲ့တာက ၁၇ ရာစုအကုန် ၁၈ ရာစုနှစ်လောက် အရောက်မှာ ဖြစ်ပါတယ်။ အခုထိ ကော့တ်တေးဖန်တီးမှု မူလပိုင်ရှင်ဟာ ဘယ်သူလဲ ၊ ဘယ်ကလဲ ၊ ဘယ်လိုကနေ ကော့တ်တေးတွေ ဖန်တီးဖြစ်တာလဲဆိုတဲ့ သမိုင်းကြောင်းက ပျောက်ကွယ်နေပါတယ်။
Photo: barschool
ပြောရရင် Cocktail ဆိုတဲ့ စကားလုံးရဲ့ အရင်းအမြစ်ကိုက ငြင်းစရာ ဖြစ်နေပါတယ်။ ကော့တ်တေးကို သောက်စရာအဖျော် ယမကာအဖြစ် ပထမဆုံး လက်ရေးနဲ့စတင် ရေးသားဖော်ပြခဲ့တာက ၁၈၀၃ ခုနှစ် အမေရိကန်ပြည်ထောင်စုအတွင်းက The Farmers Cabinet မှာ ဖြစ်ပါတယ်။ ကော့တ်တေးရဲ့ ယမကာတစ်ခုအဖြစ် ပထမဆုံး အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ ဖွင့်ဆိုချက်ကို ၁၈၀၆ ခုနှစ် မေလ ၁၃ ရက်ထုတ် The Balance and Columbian Repository မှာ ပါခဲ့တာပါ။
ကော့တ်တေးကို တခြားသောက်စရာတွေနဲ့ ကွဲပြားစေတဲ့ အဓိကပါဝင်ပစ္စည်းက bitters သုံးတာ ဖြစ်ပါတယ်။ ဒီနေ့ နာမည်ကြီးနေတဲ့ ကော့တ်တေးတွေထဲက မူရင်း ကော့တ်တေးအဓိပ္ပါယ်နဲ့ ကိုက်ညီတဲ့ ကော့တ်တေးထဲမှာ Old Fashioned ဝီစကီကော့တေးလ် ၊ Sazerac ကော့တ်တေး နဲ့ Manhattan ကော့တ်တေးတို့ ပါဝင်ပါတယ်။ ကော့တ်တေးဖျော်စပ်ရာမှာ သုံးတဲ့ Cocktail Shakers တွေကို ၁၈၆၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေမှာ စတင် တီထွင်ခဲ့ပါတယ်။ ရေခဲတွေ တွင်တွင်ကျယ်ကျယ် သုံးနိုင်တဲ့ခေတ်ရောက်လာလို့လည်း ကော့တ်တေးတွေ ပိုပြီး လူသိများလာတာပါ။
သောက်နည်းလက်စွဲ Drink Manuals တွေမှာလည်း ဘယ်လိုကော့တ်တေးမျိုးမှာ Shake ပေးရမယ် ၊ ဘယ်အမျိုးအစားဆို ဖန်ခွက်ထဲ ရောထည့်ရုံနဲ့ ဘယ်လိုမျိုးဆို ခက်ရင်းနဲ့ မွှေရမယ်ဆိုတာလည်း အသေးစိတ်ပြောထားပါတယ်။ ၁၉၀၀ ပြည့်လွန်နှစ်တွေမှာ ကော့တ်တေးအပေါ် လူကြိုက်များမှု မြင့်တက်လာခဲ့ပြီး ကော့တ်တေးပါတီဆိုတဲ့ အသုံးအနှုန်းလည်း ၁၉၁၇ မှာ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။
Photo: thrillist
အခုနောက်ပိုင်း ကော့တ်တေးလ်တွေထဲမှာ အသောက်များကြတဲ့ ကော့တ်တေးတွေက ဝီစကီဒါမှမဟုတ် ဘရန်ဒီနဲ့ ဖန်တီးတဲ့ Old Fashioned ၊ ကော့ညက်နဲ့ ထုတ်တဲ့ Sazerac ၊ တင်နက်ဆီ ဝီစကီ ၊ ဘော်ဘွန်း ၊ ကနေဒီယံဝီစကီ /Sweet Vermouthနဲ့ Bitters တို့နဲ့ ထုတ်ထားတဲ့ Manhattan ၊ ဗော့ဒ်ကာနဲ့ လုပ်ထားတဲ့ Cosmopolitan နဲ့ နွေဘက်မှာ သောက်လို့အဆင်ပြေဆုံး ရမ်ဖြူ ၊ သံပရာ ၊ ဆိုဒါတို့နဲ့ ထုတ်ထားတဲ့ Mojito တို့ပဲ ဖြစ်ပါတယ်။