တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းဟာ Self-Confidence ကျစေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ခံတွင်းနံ့ဆိုးခြင်းဟာ လူကြားသူကြားထဲမှာ အရှက်ရစေနိုင်တဲ့အထိ ဆိုးပါတယ်။ ဒီတော့ ခံတွင်းနံ့ကို ဘယ်လိုနည်းနဲ့ အမြန်ဖယ်ရှားလို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက်အကြံပေးချင်ပါတယ်။

(၁) ခံတွင်းသန့်ရှင်းရေး အားနည်းနေရင်

Photo: Freepik

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းအရင်းတစ်ခုက သွားနဲ့ ခံတွင်းကျန်းမာရေး ပစ်ထားမိလို့ ဖြစ်တတ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂ မိနစ်နှုန်းနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်သင့်ပါတယ်။ သွားကြားထဲ စားကြွင်းစားကျန်တွေ ရှိနေမယ်ဆိုရင် ဘက်တီးရီးယားတွေ ပေါက်ပြီး ခံတွင်းအနံ့ဆိုးနိုင်ပါတယ်။ ခံတွင်းအမြန်အနံ့အသက်ကောင်းချင်ရင် သွားတိုက်ခြင်း ၊ သွားပွတ်ကြိုးသုံးခြင်းအပြင် ပန်းသီးရှာလကာရည်စားပွဲတင် နှစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲ ထည့်ပြီး စက္ကန့် ၃၀ ကြာ ပလုတ်ကျင်းပြီး ထွေးထုတ်ပါ။

(၂) အနံ့ပြင်းတဲ့ အစားအစာတွေ စားပြီးရင်

Photo: Freepik

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ကော်ဖီနဲ့ အနံ့အသက်ပြင်းတဲ့ အစားအစာတွေ စားခြင်းကလည်း ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။ အဲ့လို အစားအစာတွေ စားပြီးရင် လျှာကိုပါ သွားတိုက်တံနဲ့ တိုက်ပါ။ သွားပွတ်ကြိုးလည်း သုံးပါ။ ခံတွင်းနံ့ပျောက်ဆေး Mouthwash လည်း သုံးပြီး အနံ့သတ်နိုင်ပါတယ်။ ဒါမှမဟုတ် နွားနို့တစ်ခွက်လည်း ‌သောက်တာ ၊ နာနတ်သီးဖျော်ရည်သောက်တာ ၊ နာနတ်သီးစားတာလည်း လုပ်နိုင်ပါတယ်။

(၃) ဆေးလိပ်/အရက်အသောက်များရင်

Photo: Freepik

ဆေးလိပ်သောက်ခြင်းကြောင့် ခံတွင်းနံ့ဆိုးတာကိုလည်း အတော်များများ သိကြမှာပါ။ အရက် ၊ ဆေးလိပ်သောက်သုံးပြီးလို့ ခံတွင်းနံ့ မကောင်းဖြစ်လာရင် ရေသာများများသောက်ပါ။ ပြီးရင် အိပ်ရာမဝင်ခင် သွားတိုက်ပေးလိုက်ပါ။

(၄) ရောဂါကြောင့် ပါးစပ်ခြောက်နေရင်

Photo: Freepik

ဆီးချိုသွေးချို ၊ ကျောက်ကပ်နဲ့ အသည်းရောဂါတွေ ရှိရင်လည်း အာခံတွင်းနံ့ ဆိုးနိုင်ပါတယ်။ ရောဂါကြောင့် ပါးစပ်ခြောက်လာပြီး သွားရည်လုံလုံလောက်လောက် ထုတ်မပေးနိုင်တော့တဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး ခံတွင်းအနံ့ဆိုးလာတာ ဖြစ်ပါတယ်။ ပါးစပ်ခံတွင်းခြောက်နေပြီး ခံတွင်းနံ့ နံနေတယ်ဆိုရင် ဗိုက်တာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီးလို အသီးမျိုး စားပေးသင့်ပါတယ်။ ဗိုက်တာမင်စီဟာ သွားရည် Saliva ထုတ်မှုကို အားပေးလို့ ဖြစ်ပါတယ်။ မဟုတ်ရင်လည်း ဗိုက်တာမင်စီဖြည့်စွက်ဆေးတွေ ပုံမှန်စားပေးသင့်ပါတယ်။