လှုပ်ရှားမှုနည်းခြင်းဟာ ရောဂါတွေဝင်ဖို့ တံခါးဖွင့်ထားသလိုပါပဲ။ လူဟာ ကျန်းမာဖို့ မျှတတဲ့ အစားအသောက် နဲ့ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှု နည်းသွားပြီဆိုရင် အနှေးနဲ့ အမြန် ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဒီလို မဖြစ်အောင် အားလပ်ချိန် ရှိရှိ မရှိရှိ နေ့တိုင်း ကိုယ်လက်လှုပ်ရှားဖြစ်အောင်လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

(၁) လှေကားသုံးပါ

Stairs

Photo: Unsplash

ဓါတ်လှေကားတွေအစား လှေကားနဲ့ တက်ဖို့ ဆိုတဲ့ ဒီအကြံပေးချက်ကို လူတိုင်း ကြားဖူးကြမှာပါ။ လှေကားတက်ခြင်းဟာ နှလုံးခုန်နှုန်း ပိုမြင့်မားစေပြီး ဟန်ချက်ညီမှုနဲ့ ကြံ့ခိုင်နှုန်းလည်း တိုးတက်စေပါတယ်။ အထိုင်များနေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိရင် လမ်းထလျှောက်ပြီး လှေကားထစ်တွေအတိုင်း အတက်အဆင်း လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) လမ်းလျှောက်တဲ့အကျင့်လုပ်ပါ

Walking on a lane of sunshine

Photo: Unsplash

အလုပ်ကိစ္စနဲ့ ဖုန်းပြောရမယ်ဆိုရင် ကွန်ပျူတာရှေ့ကနေ ထပြီး နားကြပ်တပ် လမ်းလျှောက်ရင်း ဖုန်းပြောတာမျိုး လုပ်ကြည့်ပါ။ အွန်လိုင်းက Virtual Meeting တွေမှာလည်း ဗွီဒီယိုခေါ်ဆိုမှု လုပ်စရာ မလိုရင် နားကြပ်တပ် နားထောင်ပြီး လမ်းလျှောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ အနီးအနား သွားစရာ ကိစ္စတွေ ရှိရင် ခြေလျင်လျှောက်တဲ့အကျင့်မျိုး ရှိတာကလည်း သင့်ရဲ့ နေ့စဉ်လှုပ်ရှားမှုကို ပိုလို့ တိုးတက်စေနိုင်တဲ့အချက်ဖြစ်ပါတယ်။

(၃) Exercise Ball ပေါ် ထိုင်ပါ

Exercise Ball

Photo: Unsplash

ကုလားထိုင်နဲ့ ထိုင်ပြီး အလုပ်များနေသူတွေအတွက် Exercise Ball ပေါ် ထိုင်လုပ်တာက ပိုပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။ Stability Ball လို့လည်း ခေါ်တဲ့ ဒီလို ဘောလုံးမျိုးတွေဟာ နောက်ကျောနာကျင်မှုသက်သာစေပြီး Body Posture မှန်အောင် ကူညီပေးနိုင်ပါတယ်။ အထိုင်များပြီး ခါးနာသူတွေ ၊ လက်ပြင်ကုန်းပြီး ခါးကိုင်းနေသူတွေအတွက် အသုံးဝင်တဲ့ Equipment လေး ဖြစ်ပါတယ်။ လည်ပင်း ၊ တင်ပါးဆုံနဲ့ ခါးဆစ်နေရာတွေ အကြောလျှော့ရာမှာလည်း သုံးနိုင်တာကြောင့် လူလည်း ထိုင်နိုင်သလို လေ့ကျင့်ခန်းလည်း တခါတည်းလုပ်ပြီး ဖြစ်စေမှာပါ။

(၄) ခွေးတစ်ကောင် မွေးပါ

a dog

Photo: Unsplash

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးတာဟာ စိတ်လည်း ကြည်လင်ရွှင်ပျစေသလို လူလည်း ပိုပြီး လှုပ်ရှားဖြစ်စေပါတယ်။ ခွေးတစ်ကောင်လောက် မွေးတာဟာ အနည်းဆုံး လမ်းလျှောက်ထွက်ဖြစ်စေပါတယ်။ ကိုယ်မွေးထားတဲ့ ခွေးလေးနဲ့ အချိန်ပေးဖြစ်ရင်း ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ပြီး ဖြစ်စေမှာပါ။

အခုပြောခဲ့တာတွေကတော့ Gym မသွားဘဲ နေ့စဉ်ဘဝမှာ ပိုပြီး ကိုယ်လက်လှုပ်ရှားဖြစ်စေမယ့် နည်းလမ်းတချို့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအပြင် သူငယ်ချင်းတွေနဲ့ စုပြီး Dance Club မှာ မန်ဘာဝင်တာမျိုး ၊ TV ကြည့်ရင်း အကြောလျှော့တာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။

Featured Photo: eatthis