ရမ်တွေရဲ့ မူလအစအကြောင်း တိတိကျကျ မသိကြပေမယ့် ၁၇ ရာစုအလယ်လောက်ကစပြီး Rum ဆိုတဲ့ အသုံးအနှုန်းက ခေတ်စားလာခဲ့ပါတယ်။ ရမ်တောင် အင်္ဂလိပ်စကားပြောတဲ့ ဂျမိုင်ကာ ၊ ဘာဘိုဒူးစ် ၊ ထရီနီဒက်နဲ့ တိုဘာဂို နိုင်ငံတွေမှာ Rum လို့ သုံးလေ့ရှိပြီး စပိန်စကားပြောတဲ့ ကျူးဘား ၊ ပွာတိုရီကို နဲ့ ဒိုမီနီကန်လို နေရာတွေမှာ Ron လို့ ခေါ်ကြပါတယ်။
ရမ်အကြောင်း ပြောစရာတွေ များပါတယ်။ စတီးစည် ၊ ဝက်သစ်ချစည် ၊ မီးတိုက်ဝက်သစ်ချစည် စတဲ့ ရမ်သက်တမ်းခံရာစည်ပေါ် လိုက်ပြီး Light ၊ Gold နဲ့ Dark Rum ဆိုပြီး ကွဲသွားပါတယ်။ ရမ်ဟာ သူချည်းသောက်လို့ ရသလို တခြားအဖျော်ယမကာ Beverages အမျိုးမျိုးနဲ့ တွဲပြီးလည်း သောက်လို့ ရပါတယ်။ ရမ်ကို အခုလိုလည်း သောက်လို့ ရပါတယ်။
(၁) ရမ်ကော့တေးလ်
Photo: GoodtoKnow
ရမ်ကို ဆိုဒါနဲ့ ရောပြီးလည်း သောက်လို့ ရပါတယ်။ ဒါမှမဟုတ်လည်း Coke နဲ့ဖြစ်ဖြစ်ပေါ့။ ရမ်ကော့တေးလ်တွေထဲမှာ နာမည်ကြီးတာက Mojito လုပ်သောက်တာပဲ ဖြစ်ပါတယ်။ Light Rum ဖြူ ၊ ပူစီနံအရွက် ၊ သံပရာ ၊ သကြားနဲ့ အနံ့လတ်ဆတ်အောင် ဆိုဒါလေး သုံးပြီး ကော့တေးလ်လုပ် သောက်တာပါ။ အနံ့ဆန်းချင်ရင် စတော်ဘယ်ရီ ၊ နာနတ်စတဲ့ သစ်သီးနံ့လေးတွေလည်း ထည့်နိုင်ပါတယ်။
Mai Tai လုပ်သောက်မယ်ဆိုရင်တော့ လက်ဝင်ပါတယ်။ အရည်အသွေးမြင့် အယ်လ်မွန်သကြားရေ Syrup နဲ့ လိမ္မော် Curacao လိုပါတယ်။ Dark Rum ၊ သံပရာရည် ၊ Syrup ၊ လိမ္မော် Curacao နဲ့ Orgeat Syrup တို့ကို ရေခဲပေါ် လောင်းရမှာပါ။ ပြီးမှ သံပရာခြမ်းနဲ့ ပူစီနံရွက်အုပ်သောက်ရမှာပါ။
(၂) ရမ်ချည်းသက်သက်
Photo: coolmaterial
ရမ်ကို Neat သောက်ချင်ရင် အမျိုးအစားကောင်းတဲ့ ရမ်ဝယ်ဖို့တော့ လိုပါတယ်။ ဘဟားမားနဲ့ လက်တင်အမေရိကတို့က ထွက်တဲ့ High-Quality Rum မျိုး ဝယ်တာ ပိုကောင်းပါတယ်။ Dark Rum ဖြစ်ဖြစ် Gold ဖြစ်ဖြစ် ကိုယ့်လျှာနဲ့ အဆင်ပြေတာကို ရွေးနိုင်ပါတယ်။ သောက်မယ်ဆိုရင် ဖန်ခွက်သေးသေးထဲ ရမ်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ အခန်းအပူချိန်အတိုင်း ထားသောက်ရမှာ ဖြစ်ပြီး ရေခဲနဲ့လည်း သောက်လို့ ရပါတယ်။
(၃) Hot Drinks နဲ့ တွဲသောက်ခြင်း
Photo: hearstapps
ရမ်ကို အရသာအသစ်အဆန်းနဲ့ သောက်ချင်ရင် တစ်နည်းက Hot Drinks ထဲ ထည့်သောက်တာပဲ ဖြစ်ပါတယ်။ သကြားညို ၊ သစ်ကြမ်းပိုးခေါက် ၊ လေးညှင်း နဲ့ ဇာတိပ္ဖိုလ်သီးကို ထောပတ်နဲ့ ရောပြီး ခွက်တစ်ခွက်ထဲ Dark Rum နဲ့ နယ်ထည့်ထားပြီး ရေနွေးပူပူနဲ့ ဖြည့်ရမှာပါ။ တချို့က ရေအစား အပူပေးထားတဲ့ နို့ကို သုံးကြပါတယ်။
ရမ်ကို ချောကလိတ် ၊ ကော်ဖီတို့နဲ့လည်း တွဲသောက်နိုင်ပါတယ်။ Hot Chocolate နဲ့ ရမ်ရောပြီး သောက်တာမျိုး ဒါမှမဟုတ် အက်စ်ပရက်ဆို ၊ အမေရိကာနို ၊ လတ်တေးလို အပြင်းစားကော်ဖီနဲ့လည်း ရမ်ကို ရောသောက်နိုင်ပါတယ်။ ရမ် Toddy လုပ်မယ်ဆိုရင်လည်း ရပါတယ်။ ပျားရည်လက်ဖက်စားဇွန်း ၁ ဇွန်း ၊ ရမ် ၃၀ မီလီလီတာ နဲ့ သံပရာခြမ်းတို့ကို ခွက်ထဲ ထည့်ပြီး ရေနွေးပူပူနဲ့ ပျားရည်အရည်ပျော်သွားတဲ့အထိ မွှေရမှာပါ။