အီဒင် ဟာဇက်ဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာပြီး ချဲလ်ဆီးအသင်းကို ပြန်သွားဖို့ ပစ်မှတ်ထားနေတယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

Photo: SI Com
ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့်ဟာ ၂၀၁၉ နွေရာသီမှာ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး စပိန်ကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာပြဿနာများစွာနဲ့ ပုံမှန်ခြေစွမ်း ရရှိဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ ဟာဇက်ဟာ ယခုရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၁၀ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ၃ ပွဲကျော်လောက်သာ ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့အထိ ပွဲကစားချိန် အကန့်အသတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ် တောင်ပံကစားသမားဟာ ယခုလအစောပိုင်း ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ ကတ်ဇူးမားနဲ့ စနောက်ရယ်မောနေခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ပရိသတ်တွေကို တောင်းပန်ဖို့ ဖိအားပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ စပိန်တီဗီရှိုး El Chiringuito de Jugones ရ့ ဖော်ပြချက်အရ ဟာဇက်ဟာ လက်ရှိမှာတော့ ယခုနွေရာသီမှာ မက်ဒရစ်ကို စွန့်ခွာဖို့ စဉ်းစားနေပြီဖြစ်ပြီး ချဲလ်ဆီးအသင်းကို ပြန်သွားဖို့ ပိုမိုဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Photo: Football.London
ဟာဇက်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၇ ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၂ ကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလအစောပိုင်း စပိန်က သတင်းတွေက ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းမှာ စိတ်ပျက်စရာကာလကို ပိုင်ဆိုင်ခဲ့တဲ့ ဟာဇက်ကို ယခုရာသီကုန်မှာ ရောင်းထုတ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့တာဖြစ်ပြီး ဟာလန်း သို့မဟုတ် ဘတ်ပီကို ခေါ်ယူပြီး တိုက်စစ်ကို အင်အားဖြည့်တင်းသွားချင်နေတယ်လို့ သိရပါတယ်။
