ကာလကြာရှည်ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းကတော့ အဖြေတစ်ခုထွက်ပေါ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကစားသမား ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို တရားဝင်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပြီး ယခုလ (၁၃) ရက်နေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟာဇက်တစ်ယောက် ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အသင်းသစ်မှာ ဘယ်ကျောနံပါတ်တပ်ဆင်ထားတဲ့ ဂျာစီကို ဝတ်ဆင်သွားမလဲ ဆိုတဲ့မေးခွန်းကလည်း ပရိသတ်တွေကြား စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

Source : Football Hitz

အသက် (၂၈) နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား ဟာဇက်အနေနဲ့ ယခင်အသင်းဟောင်း ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် (၁၀) ကိုဝတ်ဆင်ကစားခဲ့ပေမယ့် လက်ရှိရီးယဲလ်မက်ဒရစ်အသင်းမှာတော့ ကစားသမား လူကာမိုဒရစ်က ကျောနံပါတ် (၁၀) ဝတ်ဆင်ထားတဲ့အတွက် ဟာဇက် အနေနဲ့ သူအနှစ်သက်ဆုံး ကျောနံပါတ် (၁၀) ကို လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျောက်လုံးမှာ ဂန္တဝင်ကျောနံပါတ်တစ်ခုအဖြစ် မှတ်တမ်းဝင်ထားတဲ့ ကျောနံပါတ် (၇) ကို ဝတ်ဆင်ခွင့်ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ အသင်းရဲ့ သမိုင်းဝင်ကျောနံပါတ် (၇) ကို လိုင်ယွန်အသင်းမှ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး မာရီယာနိုဒီယာဇ့်က ဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။

Source : Marca

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ သမိုင်းတစ်လျှောက်မှာတော့ ကျောနံပါတ် (၇) ဟာ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ရာအူးလ်၊ စီရော်နယ်လ်ဒိုတို့လို ကစားသမားတွေက ဝတ်ဆင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် အောင်မြင်မှုများစွာ စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Mopays.com

လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမား ဟာဇက်ကလည်း ယခင့် ယခင်က ကမ္ဘာက အကောင်းဆုံး လက်ရွေးစင်ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ ဂန္တဝင်ကျောနံပါတ် (၇) ကို ဝတ်ဆင်ပြီး အသင်းနဲ့အတူ တောက်ပတဲ့ အနာဂတ်သစ်တစ်ခုဖန်တီးနိုင်မယ့် ဂန္တဝင်ကစားသမားတစ်ဦးဖြစ်လာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဟာဇက်ကို ပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀) ကျော်နဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။