နွေဥတုရဲ့အပူက သိသိသာသာခံစားလာရပါတယ်။ နေ့ခင်းနေ့လည်း အိမ်ထဲမှာနေရင်တောင် ပူပြင်းလှတဲ့ ရာသီဥတုဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း ရေဓာတ်ခမ်းခြောက်ခြင်း အားကုန်ခြင်းတွေဖြစ်ရပါတယ်။ ဒီလိုအခြေအနေမှာ နေပူထဲသွားလာနေရသူတွေအတွက်တော့ တကယ့်ကို စိန်ခေါ်မှုအကြီးကြီးလို့ပြောနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလောက်ပူပြင်းလှတဲ့ နွေနေ့လည်ခင်းတွေမှာ အပြင်ထွက်တော့မယ်ဆိုရင် ဘယ်လိုတွေ ပြုမူနေထိုင်သင့်တယ်လို့ ထင်ပါသလဲ။

Source : Freepik
နေရောင်ခြည်ရဲ့ အပူဒဏ်ဟာ ဟိုးယခင်ကထက် တစတစ ပိုမိုဆိုးဝါးလို့ နေပါတယ်။ နေရဲ့ ပူလောင်မှုဒဏ်က နုငယ်တဲ့ ကလေးတွေ မဆိုထားနဲ့။ သာမန်လူကြီးကိုတောင် နေရထိုင်ရခက်စေပါတယ်။ နေလောင်ဒဏ်တွေရဲ့ ဆိုးဝါးမှုတွေဟာ ပူလောင်မှုတွေတင်မက ရောဂါတွေကိုလည်း သယ်ဆောင်လာပါသေးတယ်။
အထူးသဖြင့် အသားဖြူတဲ့သူတွေဟာ နေရောင်ခြည်ဒဏ်ကို ခံနိုင်တဲ့ ရောင်ခြယ် (Melanin) နည်းပါးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်ကို ခုခံနိုင်စွမ်းနည်းပါးပါတယ်။ အကျိုးဆက်အနေနဲ့ အသားအရောင် ၊ မျက်လုံးအရောင် ၊ ဆံပင်အရောင်ဖျော့တော့သူတွေဟာ အခြားသူတွေထက် အရေပြားကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။ ကံကောင်းတာကတော့ အရေပြားကင်ဆာ အများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အထိရောက်ဆုံးနည်းလမ်းကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်တာပါပဲ။

Source : Freepik
အသားအရေပျက်စီးတာတွေကို ကာကွယ်ဖို့အတွက် နေရောင်ခြည်ကို ကာကွယ်လေ့ရှိကြပေမယ့် တကယ်တမ်းကျ အရေပြားကင်ဆာမဖြစ်ဖို့အတွက်ပါ နေရေင်ခြည်ကို ကာကွယ်သင့်တာပါ။ နေပူဒဏ်ခံရတာများလာတဲ့သူဟာ အရေပြားကင်ဆာဖြစ်ဖို့ အလားအလာပိုများပါတယ်။
