ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားတွေ မဟုတ်ပေမယ့် စင်ပေါ်မှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူလိုက်တဲ့ နည်းပညာနယ်ပယ်ထဲက အကျော်ကြားဆုံး ဘီလီယံနာကြီး နှစ်ဦးရဲ့တွဲဆိုင်းကတော့ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ SpaceX နဲ့ Tesla ကားကုမ္ပဏီပိုင်ရှင် သူဌေးကြီး Elon Musk က Meta ရဲ့ CEO Mark Zuckerberg ကို Cage Fight ထိုးသတ်ဖို့ သူပိုင်တဲ့ Twitter လူမှုကွန်ယက်ကနေတဆင့် စိန်ခေါ်ရေးသားလိုက်တာပါ။

Elon Musk and Mark Zuckerberg

Photo : BBC

တိုက်ခိုက်ရေး အားကစားနည်းတွေနဲ့ သိပ်မစိမ်းလှတဲ့ Zuckerberg ကလည်း Musk ရဲ့ စိန်ခေါ်မှုအပေါ် ” နေရာသာ ပြောလိုက်” ဆိုတဲ့စာသားအတူနဲ့ Screenshot ကြီးတွဲတင်ပြီး ပြန်လည်ချေပခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Zuckerberg ရဲ့ချေပမှုကို Elon Musk က “Vegas Octagon”လို့ တုန့်ပြန်လိုက်ပြီး အကယ်၍ သူတို့နှစ်ဦးသား အမှန်တကယ် ထိုးသတ်ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံ ၊ နီဗားဒါးပြည်နယ် ၊ လာ့စ်ဗီးဂတ်စ်မှာ ရှိတဲ့ Ultimate Fighting Championship (UFC) ပြိုင်ပွဲတွေကျင်းပရာ သံဇကာခတ် Cage စင်ကြီးထဲမှာ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။

elon musk and mark zuckerberg

Photo : New York Post

နည်းပညာနယ်ပယ်မှာ ပခုံးချင်းယှဉ်ပြိုင်နေဆဲဖြစ်တဲ့ သူတို့နှစ်ဦးသာ အမှန်တကယ်ထိုးသတ် ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်တော်ကြီးကို ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။ ဆိုရှယ်မီဒီယာပေါ်တွေမှာလည်း သူတို့နှစ်ဦး စိန်ခေါ်ထိုးသတ်မယ့် ပွဲအကြောင်းက လုံးဝကို ဟိုးလေးတကျော်ကျော် ဖြစ်နေပြီး ဘယ်သူအနိုင်ရမလဲဆိုတဲ့ ငြင်းခုံသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသလို သူတို့နှစ်ဦးရဲ့ ရယ်စရာ ပိုစတာတွေ ၊ Memes ပုံတွေလည်း ပလူပြန်အောင် တင်နေကြပါတယ်။

Elon Musk နဲ့ Zuckerberg တို့ရဲ့ ဝိတ်တန်းအနေအထားကို ချိန်ဆကြည့်တဲ့အခါ Elon Musk က Zuckerberg ထက် ဘော်ဒီပိုတောင့်ပြီး အရပ်အားဖြင့်လည်း ၆ ပေစွန်းစွန်းမှာ ရှိနေပါတယ်။ Zuckerberg ကတော့ အရပ် ၅ပေ ၇ လက်မ ဝန်းကျင်မှာသာရှိပြီး လူကောင်ကလည်း Musk နဲ့ ယှဉ်ရင်တော့ ပိုသေးပါတယ်။

ဝိတ်တန်းနဲ့ အရပ် အနေအထားအရ ကွာဟနေတယ်ဆိုပေမယ့် အသက် ၃၉ နှစ်သာရှိသေးတဲ့ Zuckerberg က Elon Musk ထက်စာရင် အသက် ၁၂ နှစ်ကျော် ပိုငယ်တာကြောင့် သက်လုံပိုင်းမှာ အားသာချက်ရှိနေတာက တစ်ကြောင်း ၊ ဘက်စုံကိုယ်ခံပညာ Mixed Martial Arts (MMA) ကို လေ့ကျင့်ထားပြီး မကြာသေးကလည်း Brazilian Jiu-jitsu ပြိုင်ပွဲတွေမှာ အနိုင်ရထားဖူးတဲ့ ပြိုင်ပွဲအတွေ့အကြုံတွေ ရှိနေတာက တစ်ကြောင်းဆိုတော့ Zuckerberg ကလည်း ခေသူတစ်ယောက်တော့ မဟုတ်ဘူးလို့ ပြောရမှာပါ။ ကလေးထိန်းတာကလွဲရင် အားကစားမလုပ်ဖြစ်ဘူးလို့ ဝန်ခံထားဖူးတဲ့ Elon Musk အတွက် Zuckerberg ဟာ တကယ်ကိုပဲ ခက်ခဲတဲ့ တိုက်ခိုက်ရေး ပြိုင်ဘက်တစ်ယောက် ဖြစ်နေမှာ သေချာပါတယ်။

Elon Musk and Mark Zuckerberg

Photo : Evening Standard

ဒါပေမယ့်လည်း Elon Musk ရဲ့နောက်ကြောင်းကို တစ်ချက်လေးပြန်ကြည့်မယ်ဆိုရင် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ သူရေးသားခဲ့တဲ့ ကြေငြာချက်တွေထဲမှာ အမှန်တကယ်လက်တွေ့ ဖြစ်မလာခဲ့တဲ့ ရာဇဝင်တွေ ရှိနေခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာရော လူမှုကွန်ယက်ပေါ်မှာ အပျော်သဘောသပ်သပ် ပရိသတ် စိတ်ဝင်စားမှုရအောင် Attention ရှာတာလား ၊ အမှန်တကယ်ပဲ Cage စင်ကြီးထဲမှာ နည်းပညာ ဘီလီယံနာနှစ်ယောက် ယှဉ်ပြိုင်ထိုးသတ်သွားကြမလား ဆိုတာတော့ ဆက်လက်စောင့်ကြည့် ရဦးမှာပါ။

ဒီနှစ်ယောက် အမှန်တကယ် ထိုးသတ်ဖြစ်ခဲ့ရင် Zuckerberg ကပဲ Elon Musk ကို အမှောက်သိပ်မလား ? Elon Musk ကပဲ Zuckerberg ကို အလဲထိုးနိုင်မလား ? ကွီးတို့ရဲ့ သုံးသပ်ချက် အမြင်လေးတွေကိုလည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Featured Photo : MarketWatch