သင့်ခေါင်းထဲမှာ သင့်ဘဝကို ခြယ်လှယ်ကြီးစိုးနေတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်။ ခံစားချက်တွေဟာ လူတွေရဲ့ အတွေးအခေါ် ၊ ပြုမူကျင့်ကြံပုံနဲ့ ဘဝရှေ့ရေးကိုပါ ပုံလောင်းနေတဲ့အရာတွေ ဖြစ်ပါတယ်။ လမ်းတည့်ကောင်းမွန်တဲ့ ခံစားချက် နဲ့ ခံယူချက်တွေက တိုးတက်မြင့်မားတဲ့ဘဝဆီ ခေါ်ဆောင်သွားနိုင်သလို တလွဲလမ်းမှားကို ပို့နေတဲ့ စိတ်ခံစားချက်တွေကတော့ သင့်အတွက် ဒုက္ခပေးဖို့ သက်သက်ခေါင်းထဲ ရောက်လာကြတာပါပဲ။ ဒီလိုခံစားချက်တွေထဲမှာ သင်မောင်းထုတ်ဖို့ လိုအပ်နေတဲ့ သင့်စိတ်အတွေးထဲက ရန်သူတချို့ကတော့

(၁) ကြောက်ရွံ့မှု

Fear

Photo: Unsplash

လူတိုင်း ကြောက်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကြောက်စိတ်ကို ရဲစိတ်နဲ့ တိုက်ဖျက်ပြီး ဘဝပြဿနာတွေ ရင်ဆိုင်ကြရတာပါ။ တချို့ကြောက်စိတ်တွေက ယုတ္တိရှိပါတယ်။ ကြောက်စိတ်တိုင်းက ရန်သူတော့ မဟုတ်ပေမယ့် ကြောက်စိတ်သိပ်များနေရင် ဘယ်လိုမှ ရှေ့ရောက်မှာ မဟုတ်ပါဘူး။ ကြောက်စိတ်ကို နောက်တစ်လှမ်းချန်ခဲ့တဲ့ ခြေလှမ်းတွေနဲ့ စတင်ပါ။ ကြောက်တိုင်း အလုပ်မဖြစ်တာကို မမေ့လိုက်ပါနဲ့။

(၂) တွေဝေမှု

Road Signs

Photo: Unsplash

ဆုံးဖြတ်ချက်တွေ မပြတ်သားတော့တဲ့အခါ တွေဝေဒွိဟဖြစ်တော့တာပါပဲ။ တွေဝေမှု တွန့်ဆုတ်မှုကို ဖြစ်စေပါတယ်။ တွေဝေခြင်းဟာ အခွင့်အလမ်းနဲ့ အရင်းအမြစ်တွေကိုပါ ကုန်ခမ်းစေပါတယ်။ တစ်ခုခု လိုချင်ရင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ ရဲရဲရင့်ရင့် ရွေးချယ်ပါ။ တွေဝေနေတဲ့စိတ်က သင့်ကို အနီးကပ် ဖျက်ဆီးဖို့ ချောင်းနေတဲ့ ရန်သူတော်ဆိုတာ မမေ့လိုက်ပါနဲ့။

(၃) သံသယ

Doubt

Photo: Unsplash

ယုံကြည်မှုရဲ့ ဆန့်ကျင်ဘက်ဟာ သံသယပါပဲ။ ကျွန်တော်တို့ဟာ အရာရာကို ယုံကြည်စရာ မလိုပါဘူး။ ဒါပေမယ့်လည်း ကိစ္စတိုင်းကို သံသယလိုက်ပွားလို့တော့လည်း မဖြစ်ပါဘူး။ ယုံမှားသံသယတွေက လူမှုဆက်ဆံရေးကို ထိခိုက်စေရုံတင် မကပါဘူး။ သင့်ရဲ့ ကြီးပွားမှုနဲ့ နေ့စဉ် လူနေမှုပုံစံပါ ပျက်စီးစေနိုင်ပါတယ်။ သံသယဟာ လူရဲ့ အကြီးဆုံးရန်သူတွေထဲက တစ်ခုဖြစ်ပါတယ်။ သံသယဝင်လာရင် အလေးထား ဖြေရှင်းတဲ့အကျင့် လုပ်ဖို့ ပြောချင်ပါတယ်။

(၄) စိုးရိမ်စိတ်

Worry

Photo: Unsplash

လူတိုင်း စိုးရိမ်စရာတွေ ရှိကြပါတယ်။ သောကဟာ ကျွန်တော်တို့ရဲ့ လူနေမှုဘဝထဲက ပုံစံတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ အသုံးချတတ်သူတို့အဖို့ သောကအထိုက်အလျောက် ရှိတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း သောကဝန်ပိနေတဲ့ လူတစ်ယောက်အဖို့တော့ ဘာကောင်းစရာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အကြောင်းအကျိုးမရှိ သောကဖြစ်နေတာက အလိုလိုနေရင်း စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်းရုံကလွဲပြီး တခြားဘာအကျိုးကျေးဇူးမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။

(၅) ရှက်ရွံ့စိတ်

Thoughtful boy

Photo: Unsplash

လူတောထဲ မတိုးချင်အောင် ရှက်တာမျိုးက ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ အဓိပ္ပါယ်မရှိတဲ့ ရှက်ရွံ့တာတွေကြောင့် သင့်ရဲ့ ဥပဓိရုပ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်စေနိုင်သလို သင့်ကို ပိုပြီး ကြီးပွားစေမယ့်လမ်းကနေပါ လွဲစေနိုင်ပါတယ်။ ဒါကြောင့် ရှက်စရာမဟုတ်တာကို မရှက်ဖို့ ၊ မရှက်သင့်တာကို ရှက်နေရင် သင်ပဲ ထိခိုက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးထားဖို့ ပြောချင်ပါတယ်။

Featured Photo; Unsplash