ရိုးမားတိုက်စစ်မှူး တမ်မီအေဘရာဟမ်ဟာ တနင်္လာနေ့က လေ့ကျင့်ရေးကွင်းသို့သွားရောက်စဉ် လမ်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

england-star-tammy-abraham-is-involved-in-a-car-crash-whilst-on-his-way-to-roma-training-after-smashing-his-porsche-into-another-vehicle-but-striker-escapes-unhurt-with-no-police-action-required
Photo : Sportskeeda

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့်ကစားသမားရဲ့ Porsche Cayenne ကားဟာ တခြားယာဉ်တစ်စီးကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ တမ်မီအေဘရာဟမ် အနေနဲ့ ထိခိုက်ဒဏ် တစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ အီတလီ အားကစားသတင်းဌာန La Gazzetta dello Sport မှာဖော်ပြထားပါတယ်။

အလားတူ ရိုးမားတိုက်စစ်မှူးရဲ့ကားနဲ့ ဝင်တိုက်ခံခဲ့ရတဲ့ တခြားယာဉ်ဘက်မှ ယာဉ်မောင်းမှာလည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့သိရပြီး အခင်းဖြစ်ပွားပြီးနောက် နှစ်ဦးနှစ်ဘက်ယာဉ်မောင်းများအကြား ရဲတပ်ဖွဲ့ဝင်များက ကြားဝင်ဖြန်ဖြေ ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဟာ ထရီဂိုရီယာမှာရှိတဲ့ ရိုးမားအသင်း လေ့ကျင့်ရေးကွင်းသို့သွားစဉ် ၎င်းရဲ့ အိမ်နား Euroma 2 စျေးဝယ်စင်တာအနီးမှာ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ ယာဉ်ငယ်တစ်စီးနဲ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းတို့အကြား ခင်မင်ရင်းနှီးတဲ့ ဆွေးနွေးမှု အပြီးမှာ စီစဉ်ထားတဲ့အတိုင်း လေ့ကျင့်ရေးကွင်းကို ဆက်လက်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ အေဘရာဟမ်အနေနဲ့ အီတလီလမ်းဥပဒေများကို ချိုးဖောက်ခဲ့တဲ့ အရိပ်အယောင်မတွေ့ရှိခဲ့ရဘူးလို့ သတင်းတွေမှာဖော်ပြထားပါတယ်။ သို့သော် ချဲလ်ဆီးကစားသမားဟောင်း အေဘရာဟမ်ဟာ ယာဉ်စည်းကမ်းချိုးဖောက်မှုမှတ်တမ်းတွေ ရှိထားခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။

အေဘရာဟမ်အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းက လန်ဒန်မှာနေထိုင်စဉ် Lamborghini ပြိုင်ကားဖြင့် သတ်မှတ်အမြန်နှုန်းကို ကျော်လွန်ပြီးမောင်းနှင်ခဲ့တာကြောင့် ပေါင် ၆၆၀ ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။ သူဟာ သတ်မှတ်အမြန်နှုန်း တစ်နာရီ မိုင် ၂၀ နှုန်းကို ကျော်လွန်ပြီး နှစ်ဆ တစ်နာရီကို ၄၇ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့တာပဲ ဖြစ်ပါတယ်။

england-star-tammy-abraham-is-involved-in-a-car-crash-whilst-on-his-way-to-roma-training-after-smashing-his-porsche-into-another-vehicle-but-striker-escapes-unhurt-with-no-police-action-required
Photo : Harian Terbit

ဒါ့အပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီတုန်းကလည်း ဘရစ်စတိုစီးတီးအသင်းလေ့ကျင့်ရေး အကွင်းအပြင်ဘက်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လိုင်စင် သို့မဟုတ် အာမခံမရှိဘဲ မောင်းနှင်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရဖူးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

တမ်မီ အေဘရာဟမ်ဟာ ၂၀၂၁ ခုနှစ်ကမှ ချဲလ်ဆီးအသင်းကနေ ရိုးမားအသင်းကို ပေါင် ၃၄ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားထားကာ သွင်းဂိုး ၁၂ ဂိုး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Featured Photo : Daily Mail