မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ ကစားဖို့ရှိနေတဲ့ ဥရောပပွဲစဉ်တွေကို ကွင်းပိတ်ကစားသွားမယ်လို့ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က လူမှုကွန်ရက်မှာ တရားဝင်ကြေညာချက်ထုတ်ပြန်သွားခဲ့ပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး နောက်ဆုံးသိရှိရတဲ့ကိန်းဂဏန်းအချက်အလက်အရ လူပေါင်း ၁၁၃၀၀၀ ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံထားရပြီး လူပေါင်း ၄၀၀၀ လောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo: Internet Shot

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အားကစားပြိုင်ပွဲတွေနဲ့ အခြားလူစည်ကားတဲ့ပွဲတွေအားလုံးဟာ ရွှေ့ဆိုင်းထားရပြီး ဘောလုံးလောမှာ ပထမဆုံးပွဲကျင်းပဖို့ ရပ်ဆိုင်းလိုက်တာကတော့ စီးရီးအေဖြစ်ခဲ့တာဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ် ဂျစ်စ်ပီကွန်တီက စီးရီးအေပြိုင်ပွဲနဲ့အတူ နိုင်ငံတလွှားက အခြားအားကစားပြိုင်ပွဲတွေအားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းထားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“စီးရီးအေနဲ့ အခြားအားကစားပြိုင်ပွဲအားလုံးဟာ ယေဘုယျအားဖြင့် ဆိုင်းငံ့ထားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေအားလုံး အဲဒါကို လက်ခံရပါလိမ့်မယ်။ ဒီလိုပြိုင်ပွဲတွေကို ဆက်လက်ကျင်းပဖို့အတွက် ဘာအကြောင်းပြချက်မှ မရှိပါဘူး”လို့ ပြတ်ပြတ်သားသားပြောကြားခဲ့တာဖြစ်ပါတယ်။ အီတလီမှာ အခုလို အခြေအနေတွေဖြစ်ပေါ်နေချိန်တာကြောင့် နောက်ထပ်ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် ဥရောပပြိုင်ပွဲတွေကို ကန့်သတ်မှုတွေရှိလာပြီး လာမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေအားလုံးကို ကွင်းပိတ်ကစားဖို့ ပြန်လည်စီစဉ်ခဲ့တာဖြစ်ပါတယ်။

လာမယ့်အပတ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရဖို့ရှိနေတဲ့ ချယ်ဆီးအသင်းရဲ့ ပွဲစဉ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးသက်ရောက်မှုကို ခံခဲ့ရတဲ့ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Photo:talksport

ဘိုင်ယန်မြူးနစ်အသင်းဟာ ယမန်နေ့ညမှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို ကွင်းပိတ်ကစားသွားရမှာဖြစ်တာကြောင့် လက်မှတ်ဝယ်ယူထားတဲ့ပရိသတ်တွေကို လက်မှတ်ခ ပြန်အမ်းသွားမှာဖြစ်ကြောင်း အသင်းရဲ့တွစ်တာအကောင့်ကနေ တရားဝင်ကြေညာသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း သြစတြီးယန်းအစိုးရရဲ့ လမ်းညွှန်ချက်အရ ကြာသပတေးနေ့ညမှာ LASK နဲ့ ကစားရမယ့် ၎င်းတို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို ကွင်းပိတ်ကစားရမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အသိပေးခြင်းခံခဲ့ရတယ်လို့ ပရိသတ်တွေကို တွစ်တာကနေ အသိပေးသွားခဲ့တာဖြစ်ပါတယ်။