စီးပွားရေးလောကမှာ အောင်မြင်ကျော်ကြားကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ လူချွန်တွေ ဖြစ်သလို ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ စရိုက်သဘာဝအားဖြင့်လည်း ထူးခြားမှုရှိသူတွေ များပါတယ်။ Entrepreneurship လို့ ခေါ်တဲ့ စွန့်ဦးတီထွင်မှုလောကဟာ စိန်ခေါ်မှုတွေအပြည့်နဲ့ ကြမ်းတမ်းတဲ့ ခရီးရှည်တစ်ခု ဖြစ်လို့ အခြေခံ ကိုယ်ရည်ကိုယ်သွေး စံ မမြင့်သူတွေအဖို့ ရေရှည်လျှောက်လှမ်းဖို့ ခက်ခဲပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်မှုလောကထဲ ဝင်ဖို့ ပြင်နေသူတွေအတွက် ရှိထားသင့်တဲ့ Entrepreneur တွေရဲ့ စံအရည်အချင်းတချို့အကြောင်း မျှဝေပေးလိုက်ရပါတယ်။

(၁) အရှုံးကနေ ရုန်းထတတ်တဲ့ စိတ်

SAMSUNG CSC

Photo : Pexels

လောကဓံရဲ့ ရိုက်ချက်တွေကို ဘယ်သူမဆို ထုသားပေသားကျ ဖြတ်သန်းသွားကြဖို့ လိုပါတယ်။ စွန့်ဦးတီထွင်သူတစ်ယောက်အဖို့ ကြုံရမယ့် လောကဓံက ပိုလို့တောင် ရှုပ်ထွေးခက်ခဲလှပါတယ်။ ဒီလို လောကဓံလှိုင်းတံပိုး အနိမ့်အမြင့်တွေအကြားမှာ တကျော့ပြန် ရုန်းထတတ်တဲ့ စိတ်မရှိရင် စွန့်ဦးတီထွင်သမားတစ်ယောက်အနေနဲ့ အောင်မြင်ဖို့ ခက်ခဲနိုင်ပါတယ်။

(၂) ဇွဲ

Climbing

Photo : Pexels

ခံနိုင်ရည်နဲ့ ဇွဲမရှိရင် ဘယ်အလုပ်မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဇွဲနဲ့ စွဲမြဲခိုင်မာတဲ့ စိတ်အခံရှိခြင်းဟာ Entrepreneurship ခရီးမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အားအင်ဖြစ်စေမှာပါ။

(၃) စွန့်စားလိုစိတ်

Man

Photo : Pexels

Entrepreneur ကို မြန်မာမှုပြုတဲ့အခါ စွန့်ဦးတီထွင်သူလို့ ဆိုကြပါတယ်။ အများမလုပ်ဖူးသေးတဲ့ မလုပ်ရဲတဲ့ အလုပ်တွေကို ဦးဦးဖျားဖျား စွန့်စားလမ်းဖောက်ခဲ့တဲ့ သူတွေကိုပဲ စွန့်ဦးတီထွင်သူလို့ ဆိုကြတာ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်မှုရှိခြင်းဟာ နယ်မြေသစ်ရှာသူတွေအတွက် အရေးကြီးတဲ့ အခြေခံအရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကိုပဲ စိတ်သတ္တိတစ်ခုအဖြစ် ညွှန်းကြတာပါ။

(၄) ယုံကြည်မှု

Working

Photo : Pexels

ရည်ရွယ်ချက်တစ်ခုကို ရှေ့ဆောင်ပြီး စွန့်ဦးတီထွင်မှု နယ်ပယ်ထဲ ဝင်ရောက်တဲ့အခါ ကိုယ့်ရဲ့ စံတွေ မြင့်မြင့်ထားဖို့ လိုသလိုပဲ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်လည်း ယုံကြည်မှု မြင့်မားဖို့ အရေးကြီးပါတယ်။ ယုံကြည်မှု မရှိတဲ့အခါ သံသယတွေရဲ့ ပွတ်တိုက်မှုကို ကြာကြာ မခံနိုင်ဘဲ လက်လျှော့အရှုံးပေးချင်စိတ် မြန်မြန်ဝင်တတ်ပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်သူတစ်ဦးအဖို့ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရည်မှန်းချက်ကိုပါ ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။

Featured Photo : allbusinesstoolkit