အဲရစ် ဘိုင်လီဟာ ဗဟိုခံစစ်ကစားသမားသစ် ခေါ်ယူဖို့ အင်တိုက်အားတိုက် ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့လုပ်ရပ်ကို ကြိုဆိုတယ်လို့ ပြောကြားခဲ့ပေမယ့် အသင်းမှာ ပုံမှန်ပါဝင်ကစားခွင့် ရရှိခြင်းမရှိဘူးဆိုရင် စွန့်ခွာဖို့ ကြိုးပမ်းရလိမ့်မယ်လို့ ဆိုးလ်ရှားကို သတိပေးပြောကြားခဲ့ပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံကစားသမားဟာ ၂၀၁၆ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိလာချိန်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပေမယ့် ပြီးခဲ့တဲ့လမှာ ယူနိုက်တက်နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ယခုနွေရာသီမှာ ဗဟိုခံစစ်ကစားသမားသစ်ကို ခေါ်ယူဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ နားလည်ရပြီး သတင်းတွေအရ ရီးရဲလ်နောက်ခံလူ ဗာရန်းဟာ ဆိုးလ်ရှားရဲ့ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးက ရှိနေတယ်လို့ သိရပါတယ်။

Photo: Manchester Evening News
ပြင်သစ်လက်ရွေးစင်ခံစစ်ကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းပြီး အရခေါ်ယူသွားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဘိုင်လီက ၎င်းရဲ့နေရာမှာ အသစ်ရောက်ရှိလာဖို့ရှိနေတဲ့ ကစားသမားကို ကြိုဆိုခဲ့ပြီး အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမားက ၎င်းအနေနဲ့ အရန်ခုံမှာပဲ အထိုင်ချနေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“ယှဉ်ပြိုင်မှုက တိုးတက်ဖို့အတွက် အမြဲတမ်း ကောင်းမွန်တဲ့အရာပါ။ ကျွန်တော် ကစားဖို့ အခွင့်အရေးရတဲ့ အခြေအနေမှာ ကျွန်တော် ဆက်နေချင်တယ်လို့ပဲ ပြောရမှာပါ။ ကျွန်တော် တစ်ပွဲလောက် ပွဲထွက်ကစားပြီး နောက်ထပ် ၅ ပွဲလောက် လူစားဝင်ကစားရတာမျိုး မဖြစ်ချင်ပါဘူး”
“အဲဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ကျွန်တော် နောက်ထပ် ဖြေရှင်းစရာနည်းလမ်းတစ်ခုကို ရှာဖွေရပါလိမ့်မယ်။ စာချုပ်သစ်က ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် မကစားရဘူးဆိုရင် တခြား ကမ်းလှမ်းချက်တွေကို နားထောင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
