မေလ (၃၀) ရက်နေ့က ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို (၄-၁) ဂိုးရလဒ် ဂိုးပြတ်အနိုင်ရရှိကာ ယူရိုပါလိဂ်ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးပွဲတစ်ပွဲဖြစ်တာကြောင့် အကောင်းဆုံးပြင်ဆင်မှုတွေနဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ပွဲစဉ်ပထမပိုင်းမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ အနည်းငယ်အေးဆေးနေခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ အခွင့်အရေးတွေများစွာရရှိခဲ့ပေမယ့် အချိတ်အဆက်မိမိ ကစားနိုင်ခြင်းမရှိခဲ့တာကြောင့် ဂိုးရရှိမယ့်အခွင့်အရေးတွေကနေ လက်လွှတ်ခဲ့ရပါတယ်။

Source : Chelsea FC

ဒုတိယပိုင်းပွဲချိန်စတင်ချိန်မှာတော့ ကစားပွဲအရှိန်တဖြည်းဖြည်းတက်လာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်ဟာလည်း ပိုမိုအသက်ဝင်လာခဲ့ကာ ပွဲချိန် (၄၉) မိနစ်မှာတော့ ဂျရူးရဲ့ ခေါင်းတိုက်သွင်းယူမှုကနေတစ်ဆင့် အသင်းအတွက် အဖွင့်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ အဖွင့်ဂိုးရရှိပြီးချိန်မှာတော့ အာဆင်နယ်အသင်းဘက်ကို ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ဟာဇက်၊ ဂျရူး၊ ပတ်ဒရိုတို့သုံးဦးက အာဆင်နယ်အသင်းခံစစ်ကို တော်တော်လေးအခက်တွေ့ စေခဲ့တယ်လို့ ဆိုရပါမယ်။ ပွဲချိန် (၆၀) မိနစ်မှာတော့ ဟာဇက်ရဲ့ဖန်တီးပေးပို့မှုကနေ တစ်ဆင့် ပတ်ဒရိုက ဒုတိယမြောက်သွင်းဂိုးကို ပိုင်ပိုင်နိုင်နိုင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source : FootyRoom

ပွဲစဉ်ဒုတိယပိုင်းဟာ ချယ်လ်ဆီးအသင်းအတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီး ဒုတိယမြောက်သွင်းဂိုးရရှိပြီး (၅) မိနစ်အကြာမှာပဲ ပယ်နယ်တီရရှိခဲ့ကာ အဆိုပါဂိုးကိုတော့ ဟာဇက်က အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

အဲ့ဒီနောက်မှာတော့ ချေပဂိုးမရှိ ဂိုးပြတ်ရှုံးနိမ့်နေတဲ့ အာဆင်နယ်အသင်းအတွက် မျှော်လင့်ချက်ရောင်ခြည်လေးဖြစ်တဲ့ လူစားလဲဝင်ရောက်လာသူ အီဝိုဘီက ပွဲချိန် (၆၉) မိနစ်မှာ ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်( ၇၂) မိနစ်မှာ အကောင်းဆုံးခြေစွမ်းတွေပြသနေတဲ့ ဟာဇက်က (၄) ဂိုးမြောက်အနိုင်ဂိုးကို သွင်းယူကာ ယူရိုပါလိဂ်ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ အဆိုပါပွဲစဉ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် လာမယ့်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီပဲ ဖြစ်ပါတယ်။